နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန်နှင့် ပြည်သူ့ဆန္ဒသဘောထားကို နားထောင်ရန် ကုလအကြီးအကဲက စစ်ကောင်စီကို တိုက်တွန်း

နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန်နှင့် ပြည်သူ့ဆန္ဒသဘောထားကို နားထောင်ရန် ကုလအကြီးအကဲက စစ်ကောင်စီကို တိုက်တွန်း
UN Secretary-General Antonio Guterres called on world leaders to find peaceful and inclusive solutions to challenges faced. PHOTO: REUTERS

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အုပ်ချုပ်ရေးဆီ ပြန်သွားရန်၊ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန်နှင့် ပြည်သူလူထု၏ ဆန္ဒသဘောထားများကို နားထောင်ရန် အာဏာသိမ်းစစ်ကောင်စီကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က စက်တင်ဘာ ၇ ရက်တွင် တိုက်တွန်းတောင်းဆိုသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခတိုက်ပွဲများဒဏ်ခံနေရသည့် မြန်မာနိုင်ငံ၌ “နိုင်ငံရေး၊ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေး” အခြေအနေများ ပိုမိုဆိုးဝါးလာမှုအပေါ် လွန်စွာ စိုးရိမ်ပူပန်နေရဆဲဖြစ်ကြောင်း မစ္စတာ ဂူတာရက်စ်က ပြောသည်။

“ဒီမိုကရေစီ အုပ်ချုပ်မှုဆီ ပြန်သွားဖို့အတွက် တံခါးဖွင့်ဖို့၊ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့နဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားတွေကို နားထောင်ဖို့ မြန်မာစစ်တပ်အာဏာပိုင်တွေကို မိမိအနေနဲ့ အရေးတကြီး ထပ်လောင်း တောင်းဆိုတယ်” ဟု ဂူတာရက်စ်က ပြောသည်။

တချိန်တည်းမှာပင် မြန်မာဆိုင်ရာ ဘုံသဘောတူညီချက် ငါးရပ် ငြိမ်းချမ်းရေးအစီအစဉ် အကောင်အထည်ဖော်မှုနှင့်ပတ်သက်ပြီး သိသာထင်ရှားသည့် တိုးတက်မှု ကင်းမဲ့နေခြင်းအတွက် လွန်စွာ စိုးရိမ်မိသည်ဟု ဒေသတွင်း ခေါင်းဆောင်များက ထုတ်ဖော်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားက စက်တင်ဘာ ၆ ရက် ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။

အာဆီယံခေါင်းဆောင်များသည် စက်တင်ဘာ ၇ ရက်တွင် ကုလသမဂ္ဂနှင့် ဆွေးနွေးမှုများ ပြုလုပ်သည်။

လက်ရှိ ကမ္ဘာကြီးသည် ယင်း၏ စီးပွားရေးနှင့် ဘဏ္ဍာရေးစနစ်များ “ကြီးကြီးမားမား အက်ကွဲမှု”တခု ဖြစ်မည့် အန္တရာယ် ရှိနေသည်ဟုလည်း ကုလ အကြီးအကဲက စက်တင်ဘာ ၇ ရက်၌ အင်ဒိုနီးရှားတွင် အာဆီယံအုပ်စု၊ တရုတ်၊ အမေရိကန်နှင့် အခြားသက်ဆိုင်သူများနှင့် ထိပ်သီးအစည်းအဝေးတခုတွင် ပြောသည်။

ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှု၊ ဘက်ပေါင်းစုံ ဖွံ့ဖြိုးမှု ဘဏ္ဍာရေးနှင့် ရာသီဥတု ပြောင်းလဲမှုတို့ကို ထည့်သွင်းစဉ်းစားသည့် မိန့်ခွန်းတရပ် ပြောကြားရာတွင် မစ္စတာ ဂူတာရက်စ်က လက်ရှိ ကမ္ဘာတွင် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများအတွက် ငြိမ်းချမ်းပြီး၊ ပြည့်စုံကျယ်ပြန့်သော ဖြေရှင်းနည်းလမ်းများ ရှာဖွေကြရန် ကမ္ဘာ့ခေါင်းဆောင်များကို တိုက်တွန်းသည်။

“ကမ္ဘာ့ စီးပွားရေးနဲ့ ဘဏ္ဍာရေး စနစ်တွေမှာ ကြီးမားတဲ့ အက်ကွဲမှုတခုရဲ့ တကယ့် တစစီကွဲမယ့် အန္တရာယ် ရှိနေတယ်။ နည်းပညာ၊ AI နဲ့ပတ်သက်လို့ မဟာဗျူဟာတွေ အမျိုးမျိုးကွဲလွဲနေသလို ကွဲပြားဆန့်ကျင်နေတဲ့ လုံခြုံရေး မူဘောင်တွေ ရှိနေတယ်” ဟု ၎င်းက ပြောသည်။

UN chief says global finance system fragmenting; Myanmar crisis worsens
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required