ရခိုင်တွင် အေအေနှင့် စစ်ကောင်စီတပ်အကြား ပဋိပက္ခကြောင့် လူ ၅၀,၀၀၀ ခန့် နေရပ်စွန့်ခွာခဲ့ရဟု UNHCR ပြော

ရခိုင်တွင် အေအေနှင့် စစ်ကောင်စီတပ်အကြား ပဋိပက္ခကြောင့် လူ ၅၀,၀၀၀ ခန့် နေရပ်စွန့်ခွာခဲ့ရဟု UNHCR ပြော

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (အေအေ) အကြား ပဋိပက္ခနှင့် ဆက်နွယ်သည့် နေရပ်စွန့်ခွာရမှုဆိုင်ရာ ကိန်းဂဏန်းများကို UNHCR က ထုတ်ပြန်သည်။

စက်တင်ဘာ ၂၀ ရက်က ထုတ်ပြန်သည့် ထိုဒေတာအချက်အလက်များသည် ၂၀၂၃ ဇန်နဝါရီမှ ဩဂုတ်အထိ ကာလအတွက် ကိန်းဂဏန်းများကို ပြသထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ အေအေနှင့် စစ်ကောင်စီတပ်အကြား ပဋိပက္ခကြောင့် မြို့ ၁၀ မြို့တွင် လူပေါင်း ၅၁,၅၉၀ ဦး နေရပ်စွန့်ခွာခဲ့ကြရကြောင်း သိရသည်။

ထို့ပြင် ချင်းပြည်နယ် ပလက်ဝမြို့တွင် လူ ၄,၄၇၂ ဦး နေရပ်စွန့်ခွာထားရသည့်အတွက် စုစုပေါင်း နေရပ်စွန့်ခွာရသူဦးရေသည် ၅၆,၀၆၂ ဦး ရှိကြောင်း ၎င်းတို့က မှတ်ချက်ပြုသည်။

၂၀၂၃ ဩဂုတ်အထိ လောလောလတ်လတ် နေရပ်စွန့်ခွာရသူ ၄,၁၇၄ ဦးသည် မြောက်ဦး၊ ကျောက်တော်၊ စစ်တွေ၊ မြေပုံ၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် ဆက်ရှိနေကြောင်း UNHCR ၏ ယခုနောက်ဆုံးထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

မိတ်ဖက်အဖွဲ့များ၊ အခြားသော ကုလအေဂျင်စီများနှင့် လက်တွဲပူးပေါင်း၍ UNHCR သည် လူသားချင်းစာနာမှု လိုအပ်ချက်များကို တုံ့ပြန်ဆောင်ရွက်လျက် ရှိပြီး ထိခိုက်ခံ အစုအဖွဲ့များထံ အကူအညီများ ဆက်လက် ပံ့ပိုးပေးနေကြောင်း ၎င်းတို့က ပြောသည်။

၂၀၂၃ ဇန်နဝါရီမှစပြီး UNHCR သည် မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ မြေပုံ၊ ပေါက်တော၊ ပလက်ဝ၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့ရှိ လူပေါင်း ၄၄,၉၁၇ ဦးခန့်အတွက် အဓိကအရေးပါသည့် ကယ်ဆယ်ရေးပစ္စည်းများ၊ အရေးပေါ် အမိုးအကာ အထောက်အပံ့များ၊ တကိုယ်ရည်သန့်ရှင်းရေးအိတ်များနှင့် အဝတ်နှာခေါင်းစည်းများကို ပံ့ပိုးပေးအပ်ခဲ့သည်။

ရခိုင်ပြည်နယ်သည် ပဋိပက္ခဒဏ်အပြင် ပြီးခဲ့သည့် မေလက တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်း မိုခါမုန်တိုင်းဒဏ်နှင့်အတူ မုတ်သုံရာသီအတွင်း ရေကြီးမှုတို့ဒဏ် အပြင်းအထန် ခံစားထားခဲ့ရသည်။

ရခိုင်ပြည်သူများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ လုပ်ပိုင်ခွင့်ဆိုင်ရာ နိုင်ငံရေး ရည်မှန်းချက်နှင့်အတူ အေအေကို ၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ယင်းသည် ၂၀၂၀ နှစ်ကုန်တွင် အားကောင်းသည့် စစ်အခြေစိုက်နေရာတခုကို ထူထောင်ခဲ့သည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ခြောက်လတွင် ပြည်နယ်၏ သုံးပုံနှစ်ပုံကို လက်ရှိလက်တွေ့အားဖြင့် ထိန်းချုပ်ထားနိုင်ဟု အေအေက ပြောသည်။ ယင်းတွင် လက်နက်တပ်ဆင်ထားသည့် အင်အား ၃၀,၀၀၀ ခန့် ရှိပြီး ၎င်းတို့အနက် ၆,၀၀၀ ခန့်သည် ကချင်၊ ကရင်၊ ရှမ်းနှင့် နိုင်ငံ၏ အခြားသော နေရာများရှိ တိုင်းရင်းသားမဟာမိတ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ကူပံ့ပိုးပေးလျက် ရှိသည်။

အေအေသည် ၂၀၂၂ ခုနှစ် ဩဂုတ်လက စစ်ကောင်စီတပ်နှင့် ယာယီ အပစ်ရပ်စဲရေး သဘောတူခဲ့သည်။ သို့သော် အေအေသည် ချင်း၊ မကွေး၊ ပဲခူးနှင့် ဧရာဝတီ၌ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေသည့် အခြား‌သော တော်လှန်ရေးအဖွဲ့ ၁၅ ဖွဲ့ထက်မနည်းကို စစ်ရေးဆိုင်ရာ လေ့ကျင့်သင်ကြားမှု သို့မဟုတ် လက်နက်တို့ ပံ့ပိုးပေးခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

UNHCR says 50,000 people displaced by AA-junta conflict in Rakhine
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly