မြန်မာ ၁၀၀ ကျော် အပါအဝင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၄၂၅ ဦး မလေးရှားတွင် ဖမ်းဆီးခံရ

မြန်မာ ၁၀၀ ကျော် အပါအဝင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၄၂၅ ဦး မလေးရှားတွင် ဖမ်းဆီးခံရ

မလေးရှား လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများသည် ကွာလာလမ်ပူမြို့တော်အနီးရှိ Cheras မြို့နယ်ရှိ တိုက်ခန်းအိမ်ရာတစ်ခုကို ဩဂုတ် ၅ ရက်နေ့က ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ မြန်မာ ၁၀၀ ကျော် အပါအဝင် တရားမဝင် နေထိုင်သူ နိုင်ငံခြားသား ၄၂၅ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။ ထို စီးနင်းမှုအတွင်း မလေးရှားတာဝန်ရှိသူများသည် ဗီရိုများ၊ အမှိုက်ပုံးများအတွင်း ဝင်ပုန်းနေသူတချို့ကိုလည်း‌ ရှာတွေ့ဖမ်းဆီးခဲ့သည်။

Cheria Heights တိုက်ခန်းအိမ်ရာ ဧရိယာတွင် နိုင်ငံခြားသားအရေအတွက်သည် အလွန် များပြားနေပြီး လူမှုရေး ပြဿနာအမျိုးမျိုးကို ဖြစ်စေလျက် ရှိကြောင်း အများပြည်သူထံမှ တိုင်တန်းမှုကို ရပြီးနောက် နှစ်ပတ်ကြာ စုံစမ်းစစ်ဆေး၊ စောင့်ကြည့်မှုများ လုပ်ပြီးနောက် ယခုစီးနင်းဖမ်းဆီးမှုကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ကွာလာလမ်ပူ လူဝင်မှုကြီးကြပ်ရေးဌာနမှ ညွှန်ကြားရေးမှူး ဆီယမ်ဆူလ် ဘက်ဒရင် မိုဟ်ရှင်းက ပြောသည်။

“ဒီနေ့ (ဩဂုတ် ၅ ရက်) မနက် တစ်နာရီကနေ လေးနာရီအကြား လူဝင်မှုကြီးကြပ်ရေး အရာရှိတွေနဲ့ ဝန်ထမ်း ၆၀ နဲ့ လုပ်ဆောင်ခဲ့တဲ့ ဒီ ရှာဖွေဖမ်းဆီးမှုမှာဆိုရင် တရားမဝင် နေထိုင်သူ ၄၂၅ ဦးကို ဖမ်းမိခဲ့ပါတယ်။ တရားဝင် သက်သေခံကတ်ပြားတွေ မရှိတာ၊ တရားဝင် အသိအမှတ်ပြုမထားတဲ့ ကတ်ပြားတွေ ကိုင်ဆောင်ထားတာ၊ ယာယီအလုပ်ပါမစ်တွေ သက်တမ်းကုန်နေတာ ဒါမှမဟုတ် နေထိုင်ခွင့်သက်တမ်းကျော်လွန်နေတာ တို့အတွက် သူတို့ကို ဖမ်းဆီးရတာဖြစ်ပါတယ်”

“ဒီ ဖမ်းဆီးခံရသူတွေထဲမှာ ဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၅၂ ယောက်၊ မြန်မာနိုင်ငံသား ၁၀၈ ယောက်၊ ဖိလစ်ပိုင် နှစ်ယောက်၊ အင်ဒိုနီးရှား အယောက် ၃၀ ၊ ကမ္ဘောဒီးယား ခြောက်ယောက်၊ နီပေါ အယောက် ၂၀ နဲ့ ပါကစ္စတန်နိုင်ငံသား ခုနစ်ယောက် တို့ ပါဝင်ပါတယ်။ သူတို့အားလုံးဟာ အသက် ၈ နှစ်ကနေ ၅၄ နှစ်အကြား အသက်အပိုင်းအခြား ရှိသူတွေဖြစ်ပြီး အမျိုးသား ၃၇၂ ယောက် ၊ အမျိုးသမီး ၅၃ ယောက် ဖြစ်ပါတယ်” ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

ဖမ်းဆီးခံ နိုင်ငံခြားသားများသည် ဆောက်လုပ်ရေးနှင့် သန့်ရှင်းရေး အပါအဝင် လုပ်ငန်းနယ်ပယ်အသီးသီးတွင် အလုပ်လုပ်သူများဖြစ်ကြောင်းကို စုံစမ်းစစ်ဆေးမှုအရ သိရှိရကြောင်း ၎င်းက ပြောသည်။

စီးနင်းရှာဖွေမှုအတွင်း နိုင်ငံခြားသားတချို့သည် အဖမ်းခံရမည့်အရေးမှ ရှောင်တိမ်းရန် ဘူး၊ပုလင်း များ အပါအဝင် အရာဝတ္ထုများဖြင့် ပစ်ပေါက်ပြီး ရန်လိုစွာ ပြုမူခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ၎င်းက ပြောသည်။

ယခု ဖမ်းဆီးခံရသူများအပြင် ထို တိုက်ခန်းအိမ်ရာ ဧရိယာတွင် UNHCR ကတ်ပြား ကိုင်ဆောင်ထားသည့် ရိုဟင်ဂျာ ဒုက္ခသည်များ၊ တရားဝင် အလုပ်ပါမစ်များ ရှိထားသူများ အပါအဝင် အခြားနိုင်ငံခြားသားများလည်း ရှိနေကြောင်း ဆီယမ်ဆူလ် ဘက်ဒရင် က ပြောသည်။

“မြန်မာနိုင်ငံသားတွေကျတော့ သူတို့မှာ သူတို့ရဲ့ အသင်းအဖွဲ့ ဒါမှမဟုတ် လူမျိုးအပေါ် အခြေပြုတဲ့ ကတ်ပြားတွေ ရှိပေမယ့် အဲဒီကတ်တွေက ဒီနိုင်ငံမှာကျတော့ တရားဝင် အသိအမှတ်ပြုခံထားရတာမရှိလို့ အသုံးပြုလို့ မရပါဘူး”

“အဲဒီလို တရားမဝင်တဲ့ သက်သေခံကတ်ပြားတွေပဲ ကိုင်ထားသူတွေကိုပဲ ကျွန်တော်တို့ လူဝင်မှုကြီးကြပ်ရေးက ထိန်းသိမ်းမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ထိန်းသိမ်းခံရသူအားလုံးကို အရေးယူဆောင်ရွက်ရန် Bukit Jalil လူဝင်မှုကြီးကြပ်ရေးဌာနသို့ ပိုဆောင်ထားပြီး ယခုအမှုကို မလေးရှား လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ၁၉၅၉/၆၃ ၏ ပုဒ်မ ၁၅ (၁) (ဂ) နှင့် ပုဒ်မ ၆ (၁) (ဂ) အောက်တွင် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ၎င်းက ပြောသည်။

425 illegal immigrants including those from Myanmar, Indonesia and Bangladesh hauled up from apartment units turned into settlements in KL
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly