မလေးရှားနိုင်ငံရောက် ချင်းဒုက္ခသည်များထံ UNHCR ဝန်ထမ်းယောင်ဆောင်ပြီး ငွေကြေးလိမ်လည်မှုရှိနေဟုဆို

မလေးရှားနိုင်ငံရောက် ချင်းဒုက္ခသည်များထံ UNHCR ဝန်ထမ်းယောင်ဆောင်ပြီး ငွေကြေးလိမ်လည်မှုရှိနေဟုဆို

မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသည့်  ချင်းဒုက္ခသည်များထံမှ UNHCR ၏ ဝန်ထမ်းအယောင်ဆောင်ကာ ငွေကြေးလိမ်လည်မှုများ ရှိနေသည်ဟု မလေးရှားCommunity အဖွဲ့အစည်းထံမှသိရသည်။

‘’ငွေလိမ်တာတွေကတော့ အမျိုးမျိုးပဲရှိတယ်၊ အခုတော့ UN ကဒ်ကိုင်ထားတဲ့ ချင်းဒုက္ခသည်တွေကို ပစ်မှတ်ထားလာကြတယ်။ ပြီးတော့ လိမ်တဲ့သူတွေကလည်း ဒုက္ခသည်တွေရဲ့ အခြေအနေ၊ အဖွဲ့အစည်းတွေအကြောင်းတော်တော်လေးသိထားတယ် ပြောရမယ်။ ဒါကြောင့် အလိမ်ခံရတဲ့သူကလည်း ယုံကြတာပေါ့။ အခုမလေးရှားမှာ ရောက်နေတဲ့သူတွေ အများစုက ဘယ်နေ့ UNရုံးက ဖုန်းခေါ်မလဲဘဲ စောင့်နေကြတာလေ။ ပြီးတော့ အလိမ်ခံရတဲ့သူတွေကလည်း တချို့က အိုဗာစတေး စာအုပ်မရှိကြဘူး UNကဒ်ပဲကိုင်ထားကြတာ။ ဒီတော့ ရဲစခန်းလည်းသွားပြီး အမှုဖွင့်မတိုင်ကြားရဲဘူး၊တကယ်လို့ အလိမ်ခံရရင်တော့ သက်ဆိုင်ရာကိုယ့်ရဲ့ Community အဖွဲ့အစည်းမှာပဲ အကူညီတောင်းဖို့လိုမယ်’’ဟုလည်း မလေးရှား Communityအဖွဲ့အစည်းတခုမှ အဖွဲ့ဝင်တဦးက ဆိုသည်။

WhatsApp မှတဆင့် မလေးရှားနိုင်ငံရောက် ချင်းဒုက္ခသည်များကို ဆက်သွယ်ကာ ပြန်လည်နေရာချထားရေးဆိုင်ရာ အင်တာဗျူး၊ မှတ်ပုံတင်ခြင်းဆိုင်ရာ အင်တာဗျူး ရက်ချိန်းများနှင့် UNHCR စာရွက်စာတမ်းများအတွက် ဘဏ်အကောင့်တခုသို့ ရင်းဂစ် ၃၀၀ မှ ၅၀၀ ကြား လွှဲပြောင်းပေးရန် လိမ်လည်မှုများ ကြုံတွေ့နေရသည်ဟု သိရသည်။

‘’အမျိုးသမီးတဦးက UNHCR ရုံးမှာရှိတဲ့ မှတ်ပုံတင်ရေးနှင့်ပြန်လည်နေရာချထားရေးငှာနအတွက် တာဝန်ထမ်းဆောင်သူနေဖြစ်ကြောင်း လိမ်လည်ပြောဆိုမှုများရှိနေသဖြင့် ၎င်းသည် လိမ်လည်မှုတခုဖြစ်ပြီး၊ UNHCR သည် ၎င်း၏ဝန်ဆောင်မှုများအတွက် အပြန်အလှန်အားဖြင့် မည်သည့်အခါမျှ ငွေကြေးတောင်းခံမည်မဟုတ်ဘဲ အကယ်၍ ငွေကြေးအတွက် အပြန်အလှန်အားဖြင့် UNHCR ၏ ဝန်ဆောင်မှုများကို ပံ့ပိုးပေးနိုင်သည်ဟု တစုံတဦးမှ ဆက်သွယ်လာပါက ရဲနှင့် UNHCRသို့ အကြောင်းကြားကြရန် ‘’Alliance Of chin Refugees က ကြေညာထားသည်။

လက်ရှိမလေးရှားနိုင်ငံတွင်  ချင်းလူမျိုးများကိုကူညီရန် ဖွဲ့စည်းထားသည့် သက်ဆိုင်ရာမြို့နယ် Community အလိုက် အဖွဲ့အစည်းများရှိကြပြီး ချင်းလူမျိုးများအားလုံးပါဝင်သည့် (ACR)Alliance Of chin Refugees နှင့် CRC (Chin Rufugee Committee)တို့ထံတွင် စာရင်းပေးသွင်းထားသည့် ချင်းဒုက္ခသည် တသိန်းကျော်ရှိသည်ဟုလည်း သိရသည်။

စာတည်း။    ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။     ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly