မလေးရှားတွင် လေယာဉ်ငယ် ၁ စင်း အဝေးပြေးလမ်းပေါ် ပျက်ကျရာမှ လူ ၁၀ ဦး သေဆုံး 

မလေးရှားတွင် လေယာဉ်ငယ် ၁ စင်း အဝေးပြေးလမ်းပေါ် ပျက်ကျရာမှ လူ ၁၀ ဦး သေဆုံး 
The site of the airplane crash at Elmina, Shah Alam in Malaysia's Selangor state, where security forces have cordoned off the area from the public. (Photo: CNA/Fadza Ishak)

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်က ရှာအလမ်းအရပ်အနီး အဝေးပြေးလမ်းပေါ်သို့ လူ ရှစ်ဦး လိုက်ပါသော လေယာဉ်ငယ်တစင်း ကြာသပတေးနေ့က ပျက်ကျရာတွင် အခြေအနေကို အတည်မပြုနိုင်သေးဟု အာဏာပိုင်များက ပြောသော်လည်း ရဲဌာနကမူ လူ ၁၀ ဦး သေဆုံးသည်ဟု ဆိုသည်။ 

အယ်မီနာမြို့တွင် အဆိုပါ မတော်တဆမှု ဖြစ်ပွားခြင်း ဖြစ်ပြီး လေယာဉ်ပေါ်တွင် ခရီးသည် ခြောက်ဦးနှင့် အမှုထမ်း နှစ်ဦး လိုက်ပါခဲ့သည်ဟု မလေးရှား အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့ (CAAM) က ပြောသည်။ 

အဆိုပါ ပျက်ကျမှုအတွင်း ဒေသခံ ၁၀ ဦး သေဆုံးသည်ဟု ရဲက အတည်ပြုကြောင်း Bernama သတင်းဌာနက ဖော်ပြသည်။ 

လေယာဉ်သည် နေ့လယ် ၂ နာရီ ၄၉ မိနစ်၌ ဆူဘန်းအရပ်တွင် မြေပြင်ဆင်းသက်ရန် ပြင်ဆင်ထားခြင်း ဖြစ်သည်ဟု New Straits Times အရ သိရသည်။ 

“ဒီ လေယာဉ်ဟာ Jetvalet Sdn. Bhd ကုမ္ပဏီကပါ၊ လန်ကာဝီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ နေ့လယ် ၂ ဒသမ ၀၈ မိနစ်မှာ ဆူတ်အဒူလ်အဇစ်ရှားလေဆိပ်ဆီ ပျံသန်းလာတာပါ”ဟု CAAM အမှုဆောင်အရာရှိချုပ် နိုရက်ဇ်မန်းဘင်မာမွတ်က ပြောသည်။ 

“နေ့လယ် ၂ နာရီ ၅၁ မိနစ်မှာ ဆူဘန်းလေကြောင်းထိန်းချုပ်ရေး တာဝါကနေ လေယာဉ်ပျက်ကျရာ နေရာက မီးခိုးတွေ ထွက်ရှိတာကို တွေ့ရှိခဲ့တာပါ၊ လေယာဉ်ဟာ အရေးပေါ် ခေါ်ဆိုမှုလည်း မရှိခဲ့ပါဘူး”ဟု ၎င်းက ဆိုသည်။ 

ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ၌ ကွာလာလမ်ပူ လေကြောင်း ကယ်ဆယ်ရေးပူးပေါင်းဆောင်ရွက်မှု စင်တာက ပါဝင်ဆောင်ရွက်နေကြောင်း ၎င်းက ဖြည့်စွက်ဆိုသည်။ 

လေယာဉ်သည် N28JV မှတ်ပုံတင်နံပါတ်ဖြင့် Beechcraft Model 390 အမျိုးအစား ဖြစ်သည်ဟု နိုရရက်ဇ်မန်းက အတည်ပြုသည်။ 

ပျက်ကျလာသည့် လေယာဉ်နှင့် ဆိုက်ကယ်တစီးတို့ တိုက်မိကြောင်းနှင့် မီးငြှိမ်းသတ်ရန်နှင့် ကယ်ဆယ်ရေး ဆောင်ရွက်ရန် မီးသတ်သမားများ ဖြစ်ပွားရာသို့ ရောက်ရှိကြောင်း ဒေသအုပ်ချုပ်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာနအရ သိရသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required