ဂါဇာ၌ ချက်ချင်း အပစ်ရပ်ရန် အင်ဒိုနီးရှားနှင့် မလေးရှား တိုက်တွန်း 

ဂါဇာ၌ ချက်ချင်း အပစ်ရပ်ရန် အင်ဒိုနီးရှားနှင့် မလေးရှား တိုက်တွန်း 
ဂါဇာကမ်းမြှောင်တောင်ပိုင်းရှိလေကြောင်းတိုက်ခိုက်မှုအပြီး မိခင်တစ်ဦးမှဒဏ်ရာရနေသောကလေးအားနှစ်သိမ့်ပေးနေစဉ်

လူရာနှင့်ချီ သေဆုံးသည့် ဂါဇာစီးတီး ဆေးရုံတရုံ၌ အင်္ဂါနေ့က ပေါက်ကွဲမှု ဖြစ်ခဲ့သည့်နောက်တွင် အစ္စရေးနှင့် ဟားမတ်စ်အကြား ပဋိပက္ခတွင် ချက်ချင်း လူသားချင်း စာနာထောက်ထားရေး အပစ်ရပ်ရန် အရှေ့တောင်အာရှ၏ မွတ်စလင်အများဆုံး နှစ်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနှင့် မလေးရှားတို့က တိုက်တွန်းသည်။  

ပေါက်ကွဲမှုနှင့် ပတ်သက်ကာ ဂါဇာကို ထိန်းချုပ်ထားသော ဟားမတ်စ်အဖွဲ့နှင့် အစ္စရေးတို့က အပြန်အလှန် အပြစ်တင်ပြီး မွတ်စလင်ကမ္ဘာ အများစုက အဆိုပါ ဖြစ်ရပ်အတွက် အစ္စရေးအပေါ် အပြစ်ဆိုကြသည်။ 

တဲလ်အဗစ်သို့ ဗုဒ္ဓဟူးနေ့က ရောက်ရှိပြီး အချိန်ပိုင်းအတွင်း အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုအား ပေါက်ကွဲမှုအတွက် တာဝန်ရှိမှုနှင့် ပတ်သက်ပြီး ပြောဆိုဟန်ဖြင့် “အခြား အဖွဲ့ပါ၊ ခင်ဗျား မဟုတ်ဘူး”ဟု ပြောဆိုခဲ့သည်။ 

ထို ပေါက်ကွဲမှု ဖြစ်ပွားပြီး နာရီပိုင်းအကြာ၌ ဌာနေမီဒီယာများသို့ ပြောဆိုရာတွင် မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က “ရူးနှမ်းသော” လူအစုလိုက် သတ်ဖြတ်မှုဟု ဆိုကာ အစ္စရေးက ကျူးလွန်သော လုပ်ရပ်များနှင့် ပတ်သက်ပြီး အနောက်အုပ်စု၏ ရပ်တည်ချက်အပေါ်လည်း ဝေဖန်ပြောဆိုသည်။ 

“ဒါဟာ ဆက်ဖြစ်နေမယ်ဆိုရင် သေဆုံးသူတွေဟာ မိခင်တွေ၊ ကလေးတွေနဲ့ လူနာတွေ ဖြစ်လိမ့်မယ်၊ ရူးနှမ်းတဲ့အဆင့်၊ လူသားချင်း စာနာစိတ် မရှိတဲ့ အဆင့်ကို ရောက်နေပြီ ဖြစ်တယ်”ဟု အန်ဝါက ပြောကြောင်း The Star သတင်းစာက ကိုးကားဖော်ပြသည်။ 

“ဒါကြောင့်ပဲ အခြေအနေတွေ အေးဆေးအောင် ချက်ချင်းအပစ်ရပ်ဖို့ကို ကျွန်တော်တို့ တောင်းဆိုနေတာပဲ”ဟု မလေးရှားခေါင်းဆောင်က ပြောသည်။ 

ကမ္ဘာ့ မွတ်စလင်အများဆုံး အိမ်နီးချင်းနိုင်ငံကလည်း ပေါက်ကွဲမှု၌ အရပ်သားများ သေဆုံးရခြင်းကို “ပြင်းပြင်းထန်ထန် ရှုတ်ချ” သည်။ 

“ဒီ တိုက်ခိုက်မှုဟာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားရေး ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာပဲ”ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ယခင် တွစ်တာဖြစ်သည့် X လူမှုမီဒီယာတွင် ထုတ်ပြန်သည်။ “အင်ဒိုနီးရှားအနေနဲ့ လူသားချင်း စာနာထောက်ထားရေး လက်ခံဖို့ ဘေးကင်းမှု စင်္ကြံတွေ ချက်ချင်းဖွင့်လှစ်ပေးဖို့လည်း တောင်းဆိုတယ်”ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

အထူးသဖြင့် ကုလသမဂ္ဂ လုံခြံဒရေးကောင်စီအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် “ဂါဇာက တိုက်ခိုက်မှုများနှင့် အကြမ်းဖက်လုပ်ရပ်များ ရပ်တန့်ရေးကို လက်တွေ့ခိုင်မာသော လုပ်ဆောင်ချက်များကို” ဆောင်ရွက်ရန်လည်း တိုက်တွန်းထားခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required