အစ္စရေးမှ ထွက်ခွာရေး ဆုံးဖြတ်ရန် နိုင်ငံသားများကို ထိုင်းဝန်ကြီးချုပ် အကြံပြု 

အစ္စရေးမှ ထွက်ခွာရေး ဆုံးဖြတ်ရန် နိုင်ငံသားများကို ထိုင်းဝန်ကြီးချုပ် အကြံပြု 
ဓာတ်ပုံ- ဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်း

အစ္စရေးမှ ကယ်ထုတ်ပေးသည်ကို လိုလားသည်ဆိုပါက လက်ငင်း၌ ဆုံးဖြတ်ရန် အစ္စရေးရှိ ထိုင်းနိုင်ငံသားများကို ဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက အကြံပြုပြီး အစ္စရေးက အခြေအနေကို တကမ္ဘာလုံးက စိုးရိမ်ပူပန်နေသည်ဟု သတိပေးကာ အစ္စရေး၌ သေဆုံးသည့် ထိုင်းနိုင်ငံသား ၃၀ အထိ ရှိပြီဟု ပြောဆိုသည်။ 

“ကျွန်တော်အနေနဲ့ ဆုံးဖြတ်ချက် မြန်မြန်ဆန်ဆန် မချနိုင်သူတွေကို ပြောလိုတာက ဘေးအန္တရာယ် ရှိနေတယ်ဆိုတာပဲ၊ တကယ်လို့ ပြန်လာချင်ကြတယ်ဆိုရင် ပြည်သူတွေကို ဖြစ်နိုင်သမျှ မြန်မြန်ဆန်ဆန်နဲ့ ဘေးကင်းကင်း ခေါ်ထုတ်နိုင်ဖို့ အကောင်းဆုံး လုပ်ဆောင်ရာမှာ အစိုးရရဲ့ တာဝန်ပဲ ဖြစ်တယ်”ဟု ပေကျင်းတွင် ဗုဒ္ဓဟူးနေ့၌ ဆရတ်သာက ဆိုသည်။ 

အစ္စရေး၌ နောက်ထပ် ထိုင်းနိုင်ငံသား သေဆုံးမှုကြောင့် သေဆုံးသူ ၃၀ အထိ ရှိလာသည့် နောက်ဆုံးသတင်းကြောင့် စိတ်မကောင်း ဝမ်းနည်းရကြောင်း ၎င်းက ပြောသည်။ ဒဏ်ရာရသူ ဦးရေမှာ ၁၆ ဦးပဲ မပြောင်းမလဲ ရှိပြီး ပြန်ပေးဆွဲခံရသူက ၁၇ ဦး ရှိသည်။ 

ဆရတ်သာ က သူနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်တို့ တွေ့ဆုံခဲ့ပြီး ဂူတာရပ်စ်က အစ္စရေးတွင် ထိုင်းနိုင်ငံသားများ သေဆုံးရသည့်အတွက် တုန်လှုပ်ရကြောင်း ပြောခဲ့သည်။ 

“ထိုင်းနိုင်ငံဟာ ပဋိပက္ခမှာ ပါဝင်တဲ့ နိုင်ငံမဟုတ်ပေမယ့် အမေရိကန် ပြီးရင် သေဆုံးရသူ ဒုတိယ အများဆုံးပဲ ဖြစ်တယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။ သူသည် တရုတ်၏ ရပ်ဝန်းနှင့် လမ်းပိုင်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် တက်ရောက်ရန် ပေကျင်းသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ 

ပေကျင်းတွင် အခြားသော နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး အားလုံးက အစ္စရေးက အခြေအနေကို စိုးရိမ်ပူပန်နေကြသည်ဟု ဆရတ်သာက ဆိုသည်။ ထိုင်းအစိုးရအနေဖြင့် အစ္စရေးမှ နေ့စဉ် ထိုင်းအလုပ်သမား ၆၀၀ ကို ခေါ်ယူနိုင်သော်လည်း လက်ရှိအခြေအနေများအရ တချိန်တည်းတွင် အားလုံးကို စုစည်းရန် ခက်ခဲနေကြောင်း သူက ပြောသည်။ 

ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း၌ ဘန်ကောက်မှ လေတပ် Airbus လေယာဉ်သည် အစ္စရေးရှိ ထိုင်းနိုင်ငံသားများကို သယ်ဆောင်ရန် ဒုတိယမြောက် ပျံသန်းမှုအဖြစ် ထွက်ခွာခဲ့သည်။ လေတပ်အနေဖြင့် ကယ်ထုတ်ရေး လုပ်ငန်းစဉ်ကို ယခုလကုန်အထိ ဆောင်ရွက်သွားမည်ကြောင်း လေတပ်ဦးစီးချုပ် ဖန်ပတ်ဒီး ပတ်တန်နာကူက ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required