အွန်လိုင်း ကာကွယ်ရေးအတွက် ‘ဆိုက်ဘာ စစ်သည်များ’ ခေါ်ယူရန် ဖိလစ်ပိုင် စီစဉ်

အွန်လိုင်း ကာကွယ်ရေးအတွက် ‘ဆိုက်ဘာ စစ်သည်များ’ ခေါ်ယူရန် ဖိလစ်ပိုင် စီစဉ်
ဖိလစ်ပိုင်စစ်တပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရိုမီယို ဘရောနာ

ဖိလစ်ပိုင်စစ်တပ်သည် နေ့စဉ်နီးပါး ကြုံရသည့် ဆိုက်ဘာ တိုက်ခိုက်မှုများကို ဟန့်တားမည့် အကာအကွယ်များကို တိုးတက်စေရန် ဆိုက်ဘာဌာနချုပ်တခု ထူထောင်ဖွဲ့စည်းလျက် ရှိသလို အွန်လိုင်း ကျွမ်းကျင်သူများကို ဆွဲဆောင်စည်းရုံးနိုင်ရန် လူသစ်စုဆောင်းမှု စည်းမျဉ်းများကို ဖြေလျှော့သွားမည် ဖြစ်ကြောင်း စစ်တပ်အကြီးအကဲက အောက်တိုဘာ ၁၉ ရက်တွင် ပြောသည်။

ဆိုက်ဘာ တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး အောက်လွှတ်တော် အပါအဝင် အစိုးရအေဂျင်စီတချို့က များမကြာမီက တိုင်တန်း ထုတ်ဖော်ထားသလို စစ်တပ်အပေါ် နေ့စဉ်နီးပါး တိုက်ခိုက်သည့် ဆိုက်ဘာတိုက်ခိုက်မှုတချို့က ပြည်ပမှ လာခြင်း ဖြစ်ကြောင်း ဖိလစ်ပိုင်စစ်တပ်အကြီးအကဲက ပြောသည်။

“ခြေလျင်တပ်ရင်းတွေအတွက် စစ်သားတွေ ခေါ်ယူတဲ့အစား ဒီတကြိမ်မှာတော့ ကျွန်တော်တို့ဟာ ဆိုက်ဘာ စစ်သည်တွေကို ခေါ်ယူစုဆောင်းသွားပါမယ်” ဟု ဗိုလ်ချုပ်ကြီး ရိုမီယို ဘရောနာကသတင်းထောက်များကို ပြောသည်။

“ဒီ စစ်သည်တွေကတော့ ခန္ဓာကိုယ် ခွန်အားဗလတွေ သန်မာဖို့က အဓိက မဟုတ်ဘူးဆိုတာကို ယေဘုယျ နားလည်ထားပါတယ်”

“ကျွန်တော်တို့ဟာ နေ့စဉ်နီးပါး ဒါကို ကြုံတွေ့ထားခဲ့ရတယ်” ဟု ဘရောနာက ဆိုက်ဘာတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး ပြောသည်။ သို့သော် ထို ဆိုက်ဘာတိုက်ခိုက်မှုများက အောင်မြင်အထမြောက်ခြင်း မရှိဟု ၎င်းက ပြောသည်။

“ဆိုက်ဘာ တိုက်ခိုက်မှုတချို့က နိုင်ငံခြားကလာတယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်”
ဆိုက်ဘာ တိုက်ခိုက်မှုများသည် မည်သည့်နေရာမှ လာသလဲ ဆိုသည်ကို ဘရောနာက ပြောမသွားခဲ့သော်လည်း ပြီးခဲ့သည့် လများအတွင်း ဖိလစ်ပိုင်သည် အဓိကအားဖြင့် တောင်တရုတ်ပင်လယ် အငြင်းပွားနယ်မြေကိစ္စနှင့်ပတ်သက်ပြီး တရုတ်နှင့်အကြား တင်းမာမှုများ ရှိနေခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly