မြန်မာနိုင်ငံရှိ စားနပ်ရိက္ခာ မလုံခြုံမှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ဟု FAO ထုတ်ပြန်

မြန်မာနိုင်ငံရှိ စားနပ်ရိက္ခာ မလုံခြုံမှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ဟု FAO ထုတ်ပြန်
Photo-AFP

မြန်မာနိုင်ငံတွင် တုန်လှုပ်ဖွယ်ရာ ရှော့ခ် အမျိုးမျိုးကြောင့် ဖြစ်ပေါ်သည့် စားနပ်ရိက္ခာ အကျပ်အတည်း အခြေအနေနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ၏ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ဇွန်လ ၁၄ ရက် အစီရင်ခံစာတွင် ထုတ်ဖော်သည်။

နိုင်ငံ၏ နေရာဒေသအသီးသီးတွင် စိုးရိမ်ဖွယ်ရာဖြစ်သော စားနပ်ရိက္ခာ မလုံခြုံမှုက အကျပ်အတည်းဆိုက်သော မြင့်မားသည့် လယ်ဗယ်များတွင် ရှိနေသည်ဟု FAO က သတိပေးသည်။ ထိုသို့ ဖြစ်ရခြင်းမှာ အဓိကအားဖြင့် ၂၀၂၁ ဖေဖေါ်ဝါရီ စစ်တပ်အာဏာသိမ်းပြီးနောက် စခဲ့သည့် ရှည်လျားသော နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်း၊ ၂၀၂၂ ခုနှစ်အတွင်း ကောက်နှံ ထုတ်လုပ်မှုပိုင်းတွင် ကျဆင်းပြီး လိုအပ်မှုများဖြစ်ပေါ်ခြင်းနှင့် လက်ရှိ အစားအစာ ဈေးနှုန်းများ မြင့်တက်ခြင်းတို့ကြောင့် ဖြစ်သည်။

နိုင်ငံလူဦးရေစုစုပေါင်း၏ ၂၈ ရာခိုင်နှုန်းနီးပါး ဖြစ်သည့် လူပေါင်း ၁၅ ဒသမ ၂ သန်းခန့်သည် ယခု ၂၀၂၃ တွင် စိုးရိမ်ဖွယ် စားနပ်ရိက္ခာ မလုံခြုံမှုနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ခန့်မှန်းရပြီး ယင်းသည် ၂၀၂၂ ခုနှစ်က မြင့်မားသော လယ်ဗယ်ထက် ၁၅ ရာခိုင်နှုန်း ပိုများခြင်း ဖြစ်သလို ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ခန့်မှန်းမှု မတိုင်မီထက် ငါးဆနီးပါး ပိုမို မြင့်မားကြောင်း လူသားချင်းစာနာမှု လိုအပ်ချက်များဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာအရ သိရသည်။

လက်ရှိ စိုးရိမ်ဖွယ် စားနပ်ရိက္ခာ မလုံခြုံမှု လယ်ဗယ်များကို ဖြစ်စေရန် အရင်းခံသည့် အဓိက အချက်တစ်ချက်က ၂၀၂၂ နှစ်လယ်ပိုင်းမှစပြီး အကြမ်းဖက်မှု ဖြစ်စဉ်များ တစ်ဟုန်ထိုး မြင့်တက်ခြင်းပင် ဖြစ်ပြီး ယင်းကဲ့သို့ မြင့်တက်ခြင်းက နိုင်ငံ၏ နေရာအများစုကို ပျံ့နှံ့ခဲ့ကာ သွားလာလှုပ်ရှားမှုများအပေါ် ပိတ်ပင်ကန့်သတ်မှုများကို ဖြစ်စေသလို မြင့်မားသည့် အရေအတွက်ဖြင့် အရပ်သား ထိခိုက်သေဆုံးမှုများနှင့် အတိုင်းအတာကြီးမားသည့် နေရပ်စွန့်ခွာရမှုများကို ဖြစ်စေခဲ့သည်။ ၂၀၂၃ မေလအထိ စံချိန်တင် များပြားသည့် လူ ၁ ဒသမ ၈၃ သန်းသည် ပြည်တွင်း၌ နေရပ်စွန့်ခွာထားကြရပြီး ယင်းကို ၂၀၂၂ နှစ်လယ်ပိုင်းက လူပေါင်း ၇၆၀,၀၀၀ နှင့် နှိုင်းယှဉ်နိုင်ကြောင်းနှင့် တစ်ချိန်တည်းမှာပင် လူပေါင်း ၁ ဒသမ ၁၂ သန်းသည် အိမ်နီးချင်းနိုင်ငံများတွင်၊ အဓိကအားဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ခိုလှုံခွင့်တောင်းခံထားကြရကြောင်း ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အရ သိရသည်။

အချိန်ရှည်လျားသော နိုင်ငံရေး မတည်မငြိမ်ဖြစ်မှုကြောင့် ကြီးလေးသော မေခရိုဘောဂဗေဒဆိုင်ရာ စိန်ခေါ်မှုများကို ဖြစ်ပေါ်စေပြီး ယင်းတို့က ပျံ့နှံ့ဖြစ်ပေါ်သော ဝင်ငွေ ဆုံးရှုံးမှုများကို ဖြစ်စေသလို အိမ်ထောင်စုများ၏ ဝယ်နိုင်အားအပေါ် တိုက်စားထိခိုက်စေခဲ့ကာ အခြေခံ စားကုန်များနှင့် ဝန်ဆောင်မှုများကို ရယူလက်လှမ်းမီနိုင်မှုအပေါ် အဟန့်အတားဖြစ်စေခဲ့သည်။ ငွေကြေးဖောင်းပွမှုမြင့်မားခြင်း၊ နိုင်ငံသုံးငွေကြေးတန်ဖိုး ကျဆင်းခြင်းနှင့် ပဋိပက္ခနှင့် ဆက်စပ်သည့် ကုန်စည်ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက်များ အလျင်ပြတ်တောက်ခြင်းတို့ကြောင့် အခြေအနေကို ပိုမို ဆိုးဝါးစေခဲ့သည်။

၂၀၂၃ ၊ မေလ ၁၄ ရက်တွင် မိုခါ ဆိုင်ကလုန်း မုန်တိုင်းသည် နိုင်ငံ အနောက်မြောက်ဒေသများကို တိုက်ခတ်ခဲ့ပြီး လေပြင်းများ ကျခြင်းနှင့် မိုးကြီးခြင်းတို့နှင့်အတူ ရေကြီးမြေပြိုမှုများကို ဖြစ်စေကာ ထိခိုက်အခံရဆုံး ဧရိယာများတွင် နေထိုင်သူ လူ ၃ ဒသမ ၄ သန်း အပါအဝင် လူသန်းချီတို့၏ အသက်ဘဝများနှင့် အသက်မွေးဝမ်းကျောင်းများကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။

ပြည်တွင်း နေရပ်စွန့်ခွာကြရသူများ (IDPs) များ၏ ၆၀ ရာခိုင်နှုန်းခန့် ရှိသည့် ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်းနှင့် ကချင် ပြည်နယ်တို့သည် မုန်တိုင်းဒဏ် အဆိုးဆုံး ထိခိုက်ခံစားခဲ့ရသည်။ အဆိုပါ ဧရိယာများတွင် အရေးပါသည့် စိုက်ပျိုးရေး အခြေခံ အဆောက်အအုံများနှင့် လူနေအိမ်များ အကြီးအကျယ် ထိခိုက်ပျက်စီးခြင်း၊ ငါးသယံဇာတများ ကြီးကြီးမားမား ထိခိုက်ခြင်း၊ မွေးမြူရေးတိရစ္ဆာန်များနှင့် သီးနှံများ ပျောက်ရှဆုံးရှုံးခြင်းနှင့် အိမ်ထောင်စု (မိသားစု) များ၏ စားနပ်ရိက္ခာ အရန်ထားရှိမှုများ ဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်ကြောင်း ကနဦး အကဲဖြတ်ချက်များက ပြသနေသည်။ ဆိုင်ကလုန်း ဖြတ်သန်းပြီးနောက် လူ ၁ ဒသမ ၆ သန်းခန့်သည် အကူအညီများကို အရေးတကြီး လိုအပ်နေကြောင်း မကြာသေးခင်က ထုတ်ပြန်သည့် လူသားချင်းစာနာမှု အကူအညီ အစီရင်ခံစာအရ သိရသည်။

FAO alarmed over food insecurity in Myanmar
https://www.mizzima.com/article/fao-alarmed-over-food-insecurity-myanmar

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required