အောက်တိုဘာလအတွင်း ပျံ့နှံ့ခဲ့သော သတင်းတု/သတင်းမှား များ

By ZZ(မဇ္ဈိမ)
12 November 2023
အောက်တိုဘာလအတွင်း ပျံ့နှံ့ခဲ့သော သတင်းတု/သတင်းမှား များ

လူမှုဘဝတွင် သတင်းနှင့်နည်းပညာသည် အရေးကြီးသကဲ့သို့  မိမိဖတ်ရှုသည့် သတင်းများမှာ လည်း မှန်ကန်တိကျရန်လိုအပ်သည်။  နေ့စဉ်ဖတ်ရှုနေသည့်သတင်းများတွင် လူအများ နားလည်မှုလွဲ စေရန် ဖြန့်ဝေနေသော သတင်းတု/သတင်းမှားများ အမြဲတစေ ပါဝင်လျက်ရှိသည်။ စာဖတ်သူများ သတင်းမှန်များရရှိရန်အတွက် အချက်အလက်စစ်ဆေးသည့်အဖွဲ့များနှင့် အမှီခိုကင်းပြီး လွတ်လပ်သည့် မီဒီယာများက သတင်းတုများကို စုံစမ်းဖော်ထုတ် တင်ပြလျက်ရှိနေသည်။ ယခု ဆောင်းပါးသည် မဇ္ဈိမမှ အောက်တိုဘာလအတွင်း ပျံနှံ့ခဲ့သည့် သတင်းမှားများနှင့် စစ်ဆေးနိုင်ခဲ့သည့် သတင်းများအကြောင်းကို ဖော်ပြသွားမည်ဖြစ်သည်။

အောက်တိုဘာလအတွင်းက ကျန်းမာရေးနှင့်သက်ဆိုင်သည့် သတင်းတုများကို ဖော်ထုတ်စစ်ဆေးနိုင်ခဲ့ သည်။ AIDS ရောဂါသည် ယနေ့ချိန်ထိ ပျောက်ကင်းအောင် ကုသ၍ မရနိုင်သေးသည့် ရောဂါဖြစ်သည်။ ထိုအကြောင်းနှင့်ပတ်သက်၍ တစ်တော့တွင် တိုင်းရင်းဆေးဖြင့် ကုသနိုင်ပြီဖြစ်ကြောင်းဖြန့်ဝေခဲ့သည်။ လက်ရှိတွင် ART ဟုခေါ်ဆိုသည့်ဆေးဖြင့် ထိန်းချုပ်ထားနိုင်ပြီး တိုင်းရင်းဆေးများဖြင့် ပျောက်ကင်း အောင်ကုသနိုင်သည်ဟု စမ်းသပ်အောင်မြင်ခြင်းများလည်း မရှိသေးချေ။ ထိုသတင်းတုမှာ ယနေ့ထိ ပျံ့နှံ့ နေဆဲဖြစ်သည်။
သတင်းတုကိုဖတ်ရှုပြီး ယုံကြည်သူများအနေဖြင့် ထိုဆေးကိုသောက်သုံးပြီး ဆေးကြောင့်ဖြစ်ပေါ်လာမည့် ဆိုးကျိုးမည်မျှရှိသည်ကိုလည်း မသိနိုင်သောကြောင့် အန္တရာယ်များသည့် အခြေအနေပင်ဖြစ်သည်။
HIV ပိုးကူးစက်ခံရသူအနေဖြင့် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများနှင့် ဆရာဝန် ညွှန်ကြားချက်များဖြင့် ကုသ သည်သာလျှင် အကောင်းဆုံးပင်ဖြစ်သည်။ ယခုချိန်ထိ AIDS ကိုပျောက်ကင်းအောင် ကုသပေးနိုင်သည့်‌ ဆေးမရှိသေးသည်ကိုလည်း သတိပြုရမည်ဖြစ်သည်။
မြန်မာလူမျိုးများသည် မြန်မာ့တိုင်းရင်းဆေးကို ယုံကြည်စွာ မှီဝဲလေ့ရှိကြသည်။ ထိုအချက်အပေါ် အခွင့် ကောင်းယူကာ တိုင်းရင်းဆေးပညာအသုံးချပြီး ကိုယ်ကျိုးအတွက် ကြည့်ရှုသူများကို သတိထားသင့်သည်။
ကျန်းမာရေးနှင့်ပတ်သက်၍ ဩဇာသီးနှင့် သံပုရာရည်တွဲစားပါက သေတတ်သည်ဆိုသော သတင်းမှားကို လည်း စစ်ဆေးနိုင်ခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၌ အောက်တိုဘာလ ၂၇ ရက်နေ့တွင် မြောက်ပိုင်းမဟာမိတ်ညီနောင် သုံးဖွဲ့မှ စစ်ဆင်ရေး ၁၀၂၇ ဟု ကြေညာပြီးနောက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်စခန်းများကို တခုပြီးတခု သိမ်းယူနိုင်ခဲ့သလို လက်နက်များနှင့် မြို့အချို့ကိုလည်း သိမ်း ယူနိုင်ခဲ့သည်။ ထိုတိုက်ပွဲနှင့်ပတ်သက်၍ သတင်းအများအပြားထွက်ပေါ်ခဲ့ပြီး သတင်းတုများဖြင့် ဝါဒဖြန့် မှုများကိုလည်း တဆက်တည်း တွေ့ရသည်။

ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ်ဖြစ်သည့် MNDAA မှသိမ်းပိုက်စဉ် ပြည်သူများဘေးလွတ်ရာသို့ ရွှေ့ ပြောင်းစဉ်ထွက်ပေါ်လာသည့် ဗီဒီယိုဖိုင်ဖြင့် ပြည်သူများအား ဓားစားခံများအဖြစ်ဖမ်းဆီးသည်ဟု ဖြန့်ဝေ သည့် ဗီဒီယိုဖိုင်တခုလည်း ပျံ့နှံ့ခဲ့သည်။ မဇ္ဈိမအနေဖြင့် ရုပ်သံဖိုင်တွင်ပါဝင်သည့် စကားပြောသံများကို တရားဝင်သတင်းဌာနများ၏ သတင်းဖော်ပြချက်များကိုးကားပြီး အချက်အလက်ဖော်ထုတ်စစ်ဆေးနိုင်ခဲ့ သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများအတွင်း အောက်တိုဘာ ၂၈ ရက်နေ့တွင် MNDAA က စစ်ကောင်စီ တပ်၏ သံချပ်ကာ ကားနှစ်စီးကို သိမ်းပိုက်ရရှိခဲ့သည်။ ထိုအကြောင်းကို ရုပ်သံဖိုင်ဖြင့် The KoKang မှ ဖော်ပြခဲ့သည်။ စစ်ကောင်စီထောက်ခံသူများကမူ ထိုသို့သိမ်းပိုက်နိုင်ခြင်းမရှိကြောင်းနှင့် ထိုပုံများမှာ ရုရှား-ယူကရိန်းစစ်ပွဲမှ ပုံများဖြစ်ကြောင်း သတင်းတုဖြင့် ဝါဒဖြန့်ထားသည်။ ထိုအကြောင်းကို မဇ္ဈိမမှ အချက်အလက် စစ်ဆေးခဲ့ပြီး ဖော်ထုတ်နိုင်ခဲ့သည်။

ပဋိပက္ခဖြစ်ပွားရာဒေသများတွင် နှစ်ဖက်တပ်၏ သေဆုံး၊ ဒဏ်ရာရ စာရင်းများ၊ ပစ္စည်းသိမ်းယူမှုများ စသည့် မြေပြင်အခြေအနေများကို ချက်ချင်းသိရှိနိုင်ရန် ခက်ခဲသည်။ ထို့ကြောင့် သတင်းမှန်များကို တင် ဆက်ရာတွင်လည်း ကြန့်ကြာလေ့ရှိသည်။ သို့သော် သတင်းတုများမှာ ကြန့်ကြာလေ့မရှိဘဲ လျင်မြန်စွာ ပျံ့နှံ့လေ့ရှိသည်။ ထို့ကြောင့် တိုက်ပွဲဖြစ်ပွားရာနေရာများမှ သတင်းများကို တိုက်ပွဲအတွင်းပါဝင်သော တပ်များ၏ တရားဝင်ထုတ်ပြန်ချက်များနှင့် လွတ်လပ်ပြီး အမှီအခိုကင်းသည့် သတင်းဌာနများမှ သတင်း များကိုသာ စောင့်ကြည့်ဖတ်ရှုကြရန် လိုအပ်သည်။

သတင်းတု/ သတင်းမှားများတွင် တော်လှန်ရေး ရဲဘော်များကို ပုံဖျက်တိုက်ခိုက်သည့် သတင်းများလည်း ပျံ့နှံ့ခဲ့သည်။ KNDF ဥက္ကဋ္ဌ ခွန်ဘီတူးသည် တော်လှန်ရေးကိုအသုံးချပြီး အလှူငွေများကို ကိုယ်ကျိုး အတွက် အသုံးပြုနေကြောင်း တိုက်ခိုက်ထားသည့် သတင်းမှားကိုလည်း ဖော်ထုတ်စစ်ဆေးနိုင်ခဲ့သည်။

ဘာသာရေးနှင့်နွယ်၍ ပဲခူးဒေးစွန်ပါဘုရားကို KNU PDF များမှ ဖျက်ဆီးခဲ့သည်ဟု စစ်ကောင်စီကို ထောက်ခံသူများ၏ သတင်းဖြန့်ဝေမှုကို ဒေသခံများကို မေးမြန်းခဲ့ပြီး ယုံကြည်ရသည့် မီဒီယာများ၏ သတင်းဖော်ပြမှုများကို ကိုးကား၍ သတင်းတုဖြစ်ကြောင်း ဖော်ထုတ်ခဲ့သည်။

ရက္ခိုင့်တပ်တော် (AA) မှ ရိုဟင်ဂျာမိသားစုများကို လက်နက်တပ်ဆင်ကာ အဖွဲ့ဝင်အဖြစ် ခန့်အပ်နေသည့် သတင်းမှားသည်လည်း လူမျိုးရေးနှင့် နွယ်၍ ဖြန့်ဝေခဲ့ကြသည်။ ထိုသတင်းတွင်ပါဝင်သည့် ပုံများသည် ပုံဟောင်းများဖြစ်ကြောင်းနှင့်အတူ အာလဖာ(၂)စစ်ဒေသမှ AA တပ်သားကို အတည်ပြုမေးမြန်း၍ သတင်းတုဖြစ်ကြောင်းကိုလည်း တင်ပြခဲ့သည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။ ထိုအခြေအနေတွင် တိုက်ပွဲသတင်းများနှင့်ပတ်သက်၍ စစ်ကောင်စီတပ်ထောက်ခံသူများအပြင် တော်လှန်ရေးကိုထောက်ခံ သူများအကြားတွင်လည်း သတင်းတုများ ပျံ့နှံ့လျက်ရှိနေသည်။  ထို့ကြောင့် တိုက်ပွဲသတင်းများနှင့် ပတ်သက်၍ အထူးသတိထား ဖတ်ရှုကြရန် လိုအပ်သည်။

သတင်းဖတ်ရှုသူများအနေဖြင့် အမှီအခိုကင်းပြီး လွတ်လပ်သည့် မီဒီယာများမှ သတင်းများကို ဖတ်ရှုကြ ရန်နှင့်၊ သတင်းတုဟု သံသယရှိသည့် သတင်းများ၊ စစ်ဆေးမေးမြန်းလိုသည့် သတင်းများကို မဇ္ဈိမမှ အချက်အလက် စစ်ဆေးသည့်အဖွဲ့သို့ လာရောက်မေးမြန်းနိုင်သည်။ သံသယရှိသည့် သတင်းများကို သတင်းစာသား၊ လင့် (Link) များနှင့်အတူ ယခုလင့် - t.ly/AjFbz သို့ ဝင်ရောက်ဖြည့်စွက် ပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း - ​စော​ဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required