ရှမ်းမြောက်တွင် ‌လေယာဉ်များအားပစ်ချနေသယောင် ဖြန့်ဝေနေသော ရုပ်သံဖိုင်အတု

By Zz(မဇ္ဈိမ)
10 November 2023
ရှမ်းမြောက်တွင် ‌လေယာဉ်များအားပစ်ချနေသယောင် ဖြန့်ဝေနေသော ရုပ်သံဖိုင်အတု

ရှမ်းပြည်နယ်မြောက်ပိုင်းမှတိုက်ပွဲတွင် တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီဘက်မှ လေယာဉ် များအား ပစ်ချနေသယောင်ဖြန့်ဝေထားသောရုပ်သံဖိုင်တခု ပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ ဗွီဒီယိုဂိမ်းတခု၏ ရုပ်သံဖိုင်သာဖြစ်ပြီး ရှမ်းမြောက်မှဟုဆိုခြင်းမှာ မှားယွင်းနေသည်။

“လက်ပွား” အမည်ဖြင့်တစ်တော့ အသုံးပြုသူတဦးမှ အောက်တိုဘာလ ၂၉ ရက်နေ့တွင် “ရှမ်းမြောက် မလာကြပါနဲ့နော် မအလ သားသမီးတွေ ဖြစ်သွားပုံတွေ ကြည့်ရတာ အားရလိုက်တာ” ဟု စာတန်းရေး ထိုးထားသည့် ဗီဒီယိုဖိုင်ကို ဖြန့်ဝေထားသည်။

ရုပ်သံဖိုင်ထဲတွင် ဝေဟင်ပေါ်ပျံသန်းနေသော ရဟတ်ယာဉ်၊ လေယာဉ်များကို မြေပြင်မှ ဒုံးကျည်ဖြင့် ပစ် ခတ်တိုက်ခိုက်နေသည့် ပုံရိပ်များ ပါဝင်သည်။ ၎င်းကို ကြိုက်နှစ်သက်သူ ၁၂,၀၀၀ ကျော်နှင့် ကြည့်ရှုသူ ၅၀၀,၀၀၀ နှင့်အထက် ရှိနေသည်။

အဆိုပါရုပ်သံဖိုင်ကို Wa Ma ဖေ့စ်ဘုတ်မှလည်း ပြန်လည်ဖြန့်ဝေထားပြီး ကြိုက်နှစ်သက်သူ ၁၀၀,၀၀၀ ကျော်၊ မှတ်ချက်ပေးသူ ၆,၀၀၀ နီးပါး၊ ပြန်လည်မျှဝေသူ ၈,၀၀၀ နီးပါးအထိရှိသည်။

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ ထိုရုပ်သံဖိုင်ကို စစ်ဆေးခဲ့ရာတွင် ယင်းမှာ ဂိမ်းတခု၏ ရုပ်သံဖိုင် သာဖြစ်ကြောင်း တွေ့ရသည်။
ရုပ်သံဖိုင်၏အောက်ခြေတွင် အင်္ဂလိပ်စာတန်းတခုပါရှိပြီး အဆိုပါစာတန်းအမည်မှာ “BELAL The Gamer” ဟု ရေးသားထားသည်။
“BELAL The Gamer” အမည်ဖြင့် တစ်တော့တွင် ရှာဖွေခဲ့ရာ ထိုရုပ်သံဖိုင်နှင့်အလားတူ  “BELAL The Gamer” စာတန်းပါဝင်သော လေယာဉ်များကို ပစ်ချနေသည့် ရုပ်သံဖိုင်များကို တွေ့ရသည်။

ဖေ့စ်ဘုတ်တွင်ရှာဖွေကြည့်ရာတွင်လည်း “BELAL The Gamer” အမည်ဖြင့် စာမျက်နှာတခုကိုတွေ့ရ သည်။ ထိုစာမျက်နှာသည် ဂိမ်းကစားသူတဦးမှ ၎င်းကစားထားသည့် ဗွီဒီယိုဂိမ်း ရုပ်သံဖိုင်များကိုပြန်လည် ဖြန့်ဝေနေသည့် စာမျက်နှာဖြစ်သည်။ ၎င်းကစားသည့် ဂိမ်းများထဲတွင် Arma 3 ဟုခေါ်သည့် စစ်တိုက် ရသည့် ဂိမ်းမျိုးကို အများဆုံးကစားထားသည်ကိုတွေ့ရသည်။

အဆိုပါပေ့ခ်ျမှဖြန့်ဝေထားသော ရုပ်သံဖိုင်များသည် Arma 3 ဂိမ်းမှ စစ်တပ်သုံး ရဟတ်ယာဉ်၊ လေယာဉ် များအားပစ်ချနေသည့် ရုပ်သံဖိုင်များ အများဆုံးပါဝင်နေသည်။
လင့် - http://surl.li/mzgsy

သတင်းတု၌ ဖြန့်ဝေထားသည့်ရုပ်သံဖိုင်ကို မတွေ့ရှိရသော်လည်း ထိုရုပ်သံဖိုင်မှ ရဟတ်ယာဉ်၊ လေယာဉ် များ၊ ကောင်းကင်နောက်ခံအရောင်များ၊ မီးခိုးထွက်သည့် ပုံစံများ၊ ပစ်ခတ်ပုံများမှာ Arma 3 ဂိမ်းမှ ရုပ်သံ ဖိုင်တခုနှင့် ဆင်တူဖြစ်နေသည်ကို နှိုင်းယှဉ်ကြည့်နိုင်သည်။
Arma 3 - http://surl.li/mzgtg , http://surl.li/mzgts

ထို့ပြင် အချက်အလက်စစ်ဆေးသောအဖွဲ့တခုဖြစ်သည့်  Boom Myanmar ကလည်း အဆိုပါရုပ်သံဖိုင်မှာ အမှန်တကယ်မဟုတ်ဘဲ ဗွီဒီယိုဂိမ်းသာဖြစ်ကြောင်း အချက်အလက် စစ်ဆေးထားသည်။
လင့် - http://surl.li/mzgus

ထို့ကြောင့် ရှမ်းမြောက်တိုက်ပွဲများတွင် ညီနောင်မဟာမိတ်အဖွဲ့များက  စစ်ကောင်စီတပ်မှ လေယာဉ် များအားပစ်ချနိုင်သယောင် ဖြန့်ဝေနေသည့်ရုပ်သံဖိုင်မှာ အမှန်တကယ်ဖြစ်ပွားသည့် အကြောင်းအရာ မဟုတ်ဘဲ ဗွီဒီယိုဂိမ်းမှ ရုပ်သံဖိုင်သာဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်အဖွဲ့များမှ စစ်‌ကောင်စီတပ်စခန်းများအား အကြိမ်ကြိမ်သိမ်းယူနိုင်ခဲ့သည်ကို သတင်းဌာနများမှာ အသီးသီး ဖော်ပြခဲ့ ကြသည်။ တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်သည့် သတင်းများကို ယုံကြည်စိတ်ချရသည့် သတင်းဌာန များတွင်သာ သတင်းဖတ်ရှုကြရန် တိုက်တွန်းအပ်ပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - t.ly/AjFbz သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါ သည်။

စာတည်း - စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required