တရုတ်နိုင်ငံသားတွေ မြန်မာနိုင်ငံမြောက်ပိုင်းကို ခရီးမသွားဖို့ တရုတ်အစိုးရတိုက်တွန်း

တရုတ်နိုင်ငံသားတွေ မြန်မာနိုင်ငံမြောက်ပိုင်းကို ခရီးမသွားဖို့ တရုတ်အစိုးရတိုက်တွန်း

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဒေသတွေကို ခရီးမသွားကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံမှာရောက်နေတဲ့ သူ့နိုင်ငံသားတွေကို နိုဝင်ဘာလ ၉ ရက်နေ့ သတိပေးလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက "မြန်မာနိုင်ငံမြောက်ပိုင်း မြို့တွေမှာ လက်နက်ကိုင်ပဋိပက္ခတွေ ပျံ့နှံ့ဖြစ်ပွားနေ တဲ့အတွက် တရုတ်နိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းကို ခရီးသွားတာမျိုးမလုပ်စေလိုဘူး။ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတဲ့နေရာတွေမှာရှိနေတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့လည်း အခြေအနေတွေကို အနီးကပ်စောင့်ကြည့်စေလိုပါတယ်။ ဘေးကင်းတဲ့နေရာကိုရွှေ့ပြောင်းတာ၊ ဒါမှမဟုတ် မိခင်နိုင်ငံကို ပြန်လာတာ မျိုး လုပ်စေလိုတယ်" လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က ကိုးကန့်လက်နက်ကိုင်အဖွဲ့၊ တအောင်းလက်နက်ကိုင်အဖွဲ့၊ ရခိုင်လက်နက် ကိုင်အဖွဲ့တွေဟာ တပ်မတော်စခန်းများ၊ မြို့များကို စတင်တိုက်ခိုက်ခဲ့ပြီးနောက်မြို့အချို့ကို ထိန်းချုပ်ထားပြီး တရုတ်နိုင်ငံကို သွားမယ့်လမ်းတွေကိုလည်း ပိတ်ပင်ထားကြောင်း သိရပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့ကစတဲ့ ၁ဝ၁၇ စစ်ဆင်ရေးကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကြား တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီက ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်လုံး တရုတ်နိုင်ငံထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး တရုတ်နိုင်ငံသားတစ်ဦး သေဆုံးပြီး တချို့ ဒဏ်ရာရခဲ့ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်မှာဖြစ်နေတဲ့ တိုက်ပွဲတွေကို အနီးကပ် စောင့်ကြည့်နေပြီး ပစ်ခတ်တိုက်ခိုက်မှုတွေကိုချက်ချင်းရပ်ဖို့၊ အဓိပ္ပာယ်ပြည့်ဝတဲ့ ညှိနှိုင်းမှုတွေလုပ်ဖို့ တောင်းဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ပြောထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း တရုတ်အစိုးရတာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံကို လာရောက်ကာအစိုးရတာဝန်ရှိသူများနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

တရုတ်အစိုးရက တိုက်ပွဲ အရှိန်ထပ်မံမမြင့်တက်စေဖို့၊ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးဖို့ လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်း အားလုံးကို တိုက်တွန်းတောင်းဆိုထားပါတယ်။

တရုတ်နိုင်ငံ နယ်စပ်ဒေသမှာ နေထိုင်သူတွေ အသက်အိုးအိမ် မဆုံးရှုံးရအောင် စစ်ပွဲတွေရပ်ဖို့လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Wang Wenbin က ပြောခဲ့တာပါ။

တိုက်ပွဲတွေပြင်းထန်လာတာကြောင့် နေရပ်စွန့်ခွာရသူတွေ တိုးလာတဲ့ အပေါ်မှာလည်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်နေကြပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ဒေသခံအနည်းဆုံး ၅ သောင်းနီးပါးဟာ နေရပ် စွန့်ခွာခဲ့ရပြီး အချို့က နယ်စပ်ဖြတ်ကျော်ကာ နေရပ်စွန့်ခွာခြင်းများရှိနေကြောင်း ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required