တရုတ်အာဏာပိုင်များက နှိပ်စက်ညှဉ်းပန်းခဲ့ကြောင်း ဝီဂါရုပ်ရှင်ဒါရိုက်တာ စွပ်စွဲ

တရုတ်အာဏာပိုင်များက နှိပ်စက်ညှဉ်းပန်းခဲ့ကြောင်း ဝီဂါရုပ်ရှင်ဒါရိုက်တာ စွပ်စွဲ

တရုတ်နိုင်ငံ၊ ရှင်ကျန်းပြည်နယ်တွင် ထိန်းသိမ်းထားခံရစဉ်အတွင်း အတင်းအကျပ်ဖိအားပေးဝန်ခံစေခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခံခဲ့ရကြောင်း ဝီဂါရုပ်ရှင်ဒါရိုက်တာက စွပ်စွဲလိုက်သည်။

အသက် ၃၂နှစ်၊ အိုက်ခရမ် နာမီမတ်အား အောက်တိုဘာ၂၇ ရက်တွင် ဉယုံမုချီမြို့ တရားရုံးတွင် ရုံးတင်စစ်ဆေး ခဲ့ပြီး “အကြမ်းဖက်” လှုပ်ရှားမှုများနှင့် “အရှေ့တာကစ္စတန်ခွဲထွက်ရေးသမားများ” အဖွဲ့တွင်ပါ၀င်သည်ဟု စွပ်စွဲခံထားရကြောင်း ၎င်းနှင့်နီးစပ်သောသတင်းရင်းမြစ်များက The Guardian သို့ပြောကြားခဲ့သည်။ 

တစ်ချိန်က ရှင်ကျန်းတွင် လွတ်လပ်ရေးကို ထောက်ခံအားပေးခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့မှုအတွက် အရှေ့တာကစ္စတန်အစ္စလာမ္မစ်လှုပ်ရှားမှုအဖွဲ့ကို တရုတ်အာဏာပိုင်များက အပြစ်တင်ခဲ့ပြီး အလားတူအုပ်စုများကို ခွဲထွက်ရေးခြိမ်းခြောက်မှုအဖြစ် ရှုမြင်ခဲ့  သည်။ နာမီမတ်က စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး စီရင်ချက်ချမှတ်ခြင်း မရှိသေးပေ။

သူ၏ လက်ရာများတွင် ဝီဂါဇာတ်ကောင်များကို သရုပ်ဖော်ခြင်းအတွက် လူသိများသော နာမီမတ်သည် တူရကီတွင် ခြောက်နှစ်ကြာ ရုပ်ရှင်ရိုက်ကူးရေး ပညာသင်ကြားခဲ့ပြီး နိုင်ငံတော်ဆင်ဆာအဖွဲ့၏ ပစ်မှတ် ဖြစ်လာကြောင်း ၎င်းကို ထောက်ခံသူများက ပြောကြားခဲ့သည်။ 

"ကျွန်တော့်ကို အမှောင်ခန်းထဲမှာ ရက်ပေါင်း ၂၀ ချုပ်နှောင်ပြီး ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပါ တယ်" ဟု နာမီမတ်က တရားခွင်အတွင်း ပြောကြားခဲ့ပြီး အကျဉ်းကျနေစဉ်အတွင်း အတင်းအကျပ်ဖိအားပေး ဝန်ခံစေခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခံခဲ့ရကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ “ကျွန်တော် တူရကီမှာရှိစဉ် တုန်းက အကြမ်းဖက်အဖွဲ့နဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ မပါဝင်ခဲ့ဖူးပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

ပေကျင်းမြို့ရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးခံရပြီး မေလတွင် ရှင်ကျန်းသို့ လေယာဉ်ဖြင့် ပို့ပြီးကတည်းက မိသားစုနှင့် မတွေ့မြင်ရဘဲ ယခုရုံးတင်စစ်ဆေးမှုသို့ နာမီမတ်၏ ဇနီး၊ မိခင်နှင့် ဖခင်တို့တက်ရောက်ခဲ့သည်။ 

နာမီမတ်အား ရှေ့နေငှားခွင့် မပေးထားသဖြင့် နိုင်ငံပိုင် ရှေ့နေတစ်ဦးမှ ကိုယ်စားပြုဆောင်ရွက်နေကြောင်း ၎င်းနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောကြားသည်။
 
ထောင်ဒဏ် ရှစ်နှစ်ကျော် ကျခံရနိုင်ကြောင်း ရှေ့နေက မိသားစုဝင်များကို ပြောကြားထားပြီး စီရင်ချက်ကို တစ်ပတ် သို့မဟုတ် နှစ်ပိုင်းအတွင်း အချိန်မရွေး ကြေညာနိုင်သည်ဟု ပြောကြားခဲ့သည်။ 

“သူရုတ်တရက် ပြန်လွတ်လာနိုင်တယ်လို့ကျွန်တော့်စိတ်ထဲ အမြဲတွေးနေတာပါ” ဟု နီးစပ်သူတစ်ဦးက The Guardian သို့ ပြောကြားခဲ့သည်။ “ဒါကြောင့် သူ ထောင်ဒဏ်အနည်းဆုံး ၈ နှစ် ကျခံရနိုင်တယ်ဆိုတာ ကြားသိရတဲ့အတွက် ကျွန်တော် အရမ်းစိတ်ပျက်မိပါတယ်။”

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ အာရှဌာနခွဲမှ တွဲဖက်ဒါရိုက်တာ မာယာဝမ်က စွပ်စွဲခံရသူသည် အထူးသဖြင့် ရှန်ကျန်းတွင် နိုင်ငံရေးအရ စွဲချက်တင်ခံရပါက ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခံရသည်မှာ ထုံးစံဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

တရုတ်ဥပဒေတွင် ညှဉ်းပန်းနှိပ်စက်မှုကြောင့် ရရှိလာသည့် ဝန်ခံချက်မှန်သမျှကို တရားခွင်တွင် လက်မခံကြောင်း သတ်မှတ်ပြဋ္ဌာန်းထားသော်လည်း စည်းမျဉ်းသည် လက်တွေ့တွင် အသုံးမဝင်ကြောင်း ၎င်းက ဆိုသည်။ 

ရလဒ်ကို နိုင်ငံတော်က ထိန်းချုပ်လိုသည့် နိုင်ငံရေးအရ ထိလွယ်ရှလွယ် ကိစ္စများတွင် အာဏာပိုင်များသည် မိသားစုများအား ၎င်းတို့၏ ရှေ့နေငှားပိုင်ခွင့်ကို မကြာခဏ ငြင်းပယ်လေ့ရှိကြောင်း ပြောကြားခဲ့သည်။

နာမီမတ်၏ကိစ္စတွင်၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာတွင် အထင်ကရပုဂ္ဂိုလ်ဖြစ်ခြင်းကြောင့် တူရကီတွင် ပညာ သင်ကြားခြင်းကိစ္စသည် ပစ်မှတ်ထားခံရခြင်း ရှိ၊ မရှိ မသိနိုင်သေးကြောင်း ၎င်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required