ပူးတွဲစစ်ဆင်ရေးများ တနိုင်ငံလုံးအနှံ့ ဆင်နွှဲသွားမယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့ထုတ်ပြန်

ပူးတွဲစစ်ဆင်ရေးများ တနိုင်ငံလုံးအနှံ့ ဆင်နွှဲသွားမယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့ထုတ်ပြန်

တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ဟန်ချက်ညီ ပူးတွဲစစ်ဆင်ရေးတွေကို မြန်မာတစ်နိုင်ငံလုံးအနှံ့ မကြာမီ ဆင်နွှဲသွားမယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့  ၃ ဖွဲ့က နိုဝင်ဘာ ၈ ရကနေ့က ထုတ်ပြန်လိုက်ပါတယ်။

စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ကနေ နိုဝင်ဘာ ၈ ရက်  မနေ့ကအထိ  ၁၃ ရက်တာကာလအတွင်း သိမ်းပိုက်ရရှိခဲ့ပြီးတဲ့ မြို့တွေကိုလည်း မိမိတို့အနေနဲ့ အလုံးစုံဆက်လက်ထိန်းချုပ်ထားနိုင်ပြီး မိမိတို့အုပ်ချုပ်ရေးနဲ့ အပြီးသတ်အစားထိုးနိုင်ဖို့ ကြိုးစားနေကြောင်း ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးရဲ့ စစ်ရေးမျှော်မှန်းချက်တွေထဲက စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် စစ်ရေးဆင်နွှဲနေတာတင်မဟုတ်ဘဲ လောင်းကစားလိမ်လည်မှု (ကျဖျင်) ပပျောက်ရေးနဲ့ ဆက်စပ်တဲ့ ကိစ္စရပ်တွေကိုလည်း သက်ဆိုင်ရာနယ်မြေတွေမှာ ဆက်လက်ဆောင်ရွက်နေတယ်လို့ ညီနောင် ၃ ဖွဲ့က ပြောပါတယ်။

ဒါ့အပြင် ရခိုင်ဒေသက မြို့နယ်တချို့မှာ စစ်ကောင်စီ အခြေစိုက်တပ်စခန်းတွေကနေ လက်နက်စမ်းသပ်၊ ခြောက်လှန့်ပစ်ခတ်မှုတွေကို လစဉ်နီးပါး ဆက်တိုက်လုပ်လာတာဟာ ရခိုင်ဒေသ  ၁၀၂၇ စစ်ဆင်ရေးရဲ့ အစလို့ ပြောလို့ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

 ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှု၊ မီဒီယာသမားတွေကို ဖမ်းဆီးမှု၊ အရပ်ဘက်အဖွဲ့အစည်းတွေကို စစ်ဆေးတင်းကျပ်မှု လုပ်လာတာတွေအပြင် တပ်စခန်းတွေကနေ လက်နက်စမ်းသပ် ပစ်ခတ်မှုတွေ ဆက်တိုက်လုပ်နေတာကြောင့် စစ်ဆင်ရေးရဲ့ အစဖြစ်နေပြီလို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဆိုထားတာပါ။

စစ်ကောင်စီဟာ အောက်တိုဘာလကုန်ပိုင်းကစလို့ ရခိုင်ပြည်နယ်အတွင်းက မီဒီယာတချို့ရဲ့ ရုံးခန်းတွေကို ဝင်ရောက်စီးနင်း၊ ဖမ်းဆီးတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ရက္ခိုင့်တပ်တော် (AA) ကလည်း စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ပူးပေါင်းပြီး “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်နေချိန် နိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းရှိ စစ်ကောင်စီ ထိန်းချုပ်ထားတဲံ မြို့များကိုလည်း တော်လှန်ရေးတပ်များက တစ်ပြိုင်နက် တိုက်ခိုက်နေပြီး မြို့သိမ်းတိုက်ပွဲတွေဖော်ဆောင်နေတာဖြစ်ပါတယ်။

စစ်ကောင်စီ အထိနာစေတဲ့ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေချိန် နိုင်ငံအလယ်ပိုင်းရှိ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်း မြို့ကြီးများရှိ စစ်တပ်စခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်နေကြတာဖြစ်ပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့မှာ မကွေးတိုင်း ဂန့်ဂေါခရိုင် မင်းရွာ ရဲကင်းစခန်း၊ စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ တမူး၊ ကလေး၊ ကလေးဝ၊ ကောလင်း၊ ဝန်းသို၊ ကျွန်းလှမြို့နယ်တို့ရှိ စစ်ကောင်စီ တပ်စခန်းများ၊ ရဲစခန်းများကို တစ်ပြိုင်နက် စီးနင်းတိုက်ခိုက်ပြီး သိမ်းပိုကနေတယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၄ ရက်နေ့ကထုတ်ပြန်ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံသည့်အနေနဲ့ ထိုင်း-မြန်မာနယ်စပ် ကရင်နီပြည်နယ်မှာလည်း ၁၁၀၇ စစ်ဆင်ရေးကို ဖော်ဆောင်နေပြီး မယ်စဲ့မြို့နယ်၊ ပန်းတိန်းကျေးရွာရှိ စစ်တပ် တပ်စခန်း ၂ ခုကို နိုဝင်ဘာ ၇ တွင် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စစ်ကောင်စီကတော့ မြောက်ပိုင်းတိုက်ပွဲကိစ္စနဲ့ ပတ်သက်ပြီး ကာလုံအစည်းအဝေး ခေါ်ယူခဲ့ကာ အခု တိုက်ပွဲတွေကို မူးယစ်ဆေးဝါးထုတ်လုပ်နိုင်ဖို့ လောက်ကိုင်ဒေသမှာ အာဏာတည်ဆောက်တဲ့အနေနဲ့ MNDAA က တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲပြောဆိုထားပါတယ်။

ဦးမြင့်ဆွေက တပ်မတော်အနေနဲ့ အရေးယူမဆောင်ရွက်ရင် တိုင်းပြည်က အစိတ်စိတ်အမွှာမွှာ ကွဲသွားနိုင်ကြောင်းပြောကြားထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly