မယ်စဲ့တွင် ကရင်နီပူးပေါင်းတပ်က BGF စခန်းကုန်း ၃ ခု ကို သိမ်းပိုက်

By ဂျူချန်း (မဇ္ဈိမ)
08 November 2023
မယ်စဲ့တွင် ကရင်နီပူးပေါင်းတပ်က BGF စခန်းကုန်း ၃ ခု ကို သိမ်းပိုက်
ပုံအညွှန်း-သိမ်းဆည်းရရှိသည့် လက်နက်များ

ထိုင်း-ကရင်နီနယ်စပ်မြို့ဖြစ်သည့် မယ်စဲ့မြို့နယ်၊ ပန်တိန်းဒေသရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်တပ် (BGF)ကာကင်း တပ်စခန်းကုန်း သုံးခုကို ကရင်နီပူးပေါင်းတပ်မှ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း KnIC မှ သတင်းထုတ်ပြန်ထားသည်။

ပန်တိန်းဒေသရှိ အမှတ်(၁၀၀၄) ပန်တိန်းနယ်ခြားစောင့်တပ် BGF တပ်စခန်း၏ ကာကင်းကုန်း တပ်စခန်းသုံးခုကို ယမန်နေ့ နိုဝင်ဘာ ၇ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ပန်တိန်းမှာမယ်စဲ့မြို့နယ်က ရန်သူကာကင်းစခန်းတွေပါ။ အရင်တုန်းက (ကရင်နီပူးပေါင်းတပ်မှ) သိမ်းပြီးတော့ သူတို့ (စစ်ကောင်စီ) ရဟတ်ယာဉ်နဲ့ ပြန်လာချတဲ့ တပ်ပါ။ အကုန်တော့ မရသေးဘူး။ အရင် BGF စခန်းက တပ်ရင်းစခန်း မရသေးဘူး။ အပြင်ကာကင်းစခန်းပဲ ရတာ” ဟု ကလလတ ပြောခွင့်ရ ရဲဘော်လော်ရင်းစိုးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ ရဲစခန်းနှင့် စစ်ကောင်စီတပ်စခန်း ငါးခုကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဇွန်လ ၂၈ ရက်နေ့တွင် အမှတ်(၁၀၀၄) ပန်တိန်းဒေသ BGF တပ်စခန်းနှင့် နှင့် ရွာသစ်မြို့နယ်ရှိ အမှတ်(၁၀၀၅) တပ်ရင်းနှစ်ခုကို စစ်ကောင်စီမှ လေယာဉ်ဖြင့် အင်အားချကာ ပြန်လည်တပ်စွဲထားပြီး အခြားတပ်စခန်းနှင့် မယ်စဲ့မြို့ကိုမူ စစ်ကောင်စီတပ်က လက်လွှတ်ထားရဆဲဖြစ်ကြောင်း တော်လှန်ရေး အင်အားစုထံမှ သိရသည်။

ပန်တိန်းဒေသရှိ စစ်ကောင်စီတပ်စခန်းကုန်းများကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ပြန်လည်တိုက်ခိုက်နေပြီး မြောက်ပိုင်းမဟာမိတ်ညီနောင် သုံးဖွဲ့မှ ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးကို ဝန်းရံသည့် အနေဖြင့် ကရင်နီပူးပေါင်းတပ်ဖွဲ့မှလည်း ကရင်နီတွင် ၁၁၀၇ စစ်ဆင်ရေးကို ဖော်ဆောင်နေခြင်းဖြစ်ကြောင်း ရဲဘော်လော်ရင်းစိုးက ဧရာဝတီသတင်းဌာနသို့ ဖြေကြားထားသည်။

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့မှ ဦးဆောင်ကာ ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့မှ ကြိုဆိုထောက်ခံထားပြီး ယင်း ၁၀၂၇ စစ်ဆင်ရေးတွင် KNDF တပ်ရင်း အမှတ်(၆၀၆) မှလည်း ပါဝင်တိုက်ခိုက်နေကြကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly