အွန်လိုင်း လိမ်လည်မှု၌ ပါဝင်သည် သံသယရှိ ဂျပန်နိုင်ငံသား ၂၅ ဦးကို ကမ္ဘောဒီးယား ပြည်နှင် 

အွန်လိုင်း လိမ်လည်မှု၌ ပါဝင်သည် သံသယရှိ ဂျပန်နိုင်ငံသား ၂၅ ဦးကို ကမ္ဘောဒီးယား ပြည်နှင် 
Photo: AFP

 

အွန်လိုင်း လိမ်လည်မှု လုပ်ငန်းများ၌ ပါဝင်သည်ဟု သံသယရှိသူ ဂျပန်နိုင်ငံသား ၂၅ ဦးကို ကမ္ဘောဒီးယားနိုင်ငံက ဗုဒ္ဓဟူးနေ့တွင် ပြည်နှင်ဒဏ် ပေးလိုက်သည်။ 

ရာဇဝတ်မှု ကွန်ရက်သည် ကမ္ဘောဒီးယား၊ မြန်မာနှင့် အခြားသော နိုင်ငံများ၌ များစွာသော လုပ်ငန်းများ ထူထောင်ထားပြီး ငွေကြေး လိမ်လည်မှု အမြောက်အမြားအတွက် အွန်လိုင်းမှ လိမ်လည်ခြင်းများကို လုပ်ဆောင်လျက် ရှိကြသည်။ 

အများစုမှာ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသော်လည်း ဂျပန်တို့၏ “ယာကူဇာ” လူဆိုးဂိုဏ်းများလည်း ပါဝင်လုပ်ဆောင်လာမှု တိုးများလာကြောင်း ပညာရှင်များက ဆိုသည်။ 

ယခု သံသယရှိသူ ၂၅ ဦးကို ဂျပန်အာဏာပိုင်များ၏ မေတ္တာရပ်ခံမှုဖြင့် “အွန်လိုင်းလိမ်လည်မှု”အတွက် စက်တင်ဘာလအတွင်း ဖနွမ်းပင်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယား လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ ပြောခွင့်ရသူ ကီယို ဗန်သန်က ပြောသည်။ 

ယခု သံသယရှိသူများသည် ဂျပန်မှ ပြည်သူများကို  ပစ်မှတ်ထားခြင်း ဖြစ်ကြောင်း ကမ္ဘောဒီးယား အမျိုးသား ရဲတပ်ဖွဲ့ ပြောခွင့်ရသူ ချာဟေးကင်ခိုအန်းက ပြောသည်။ 

“ဂျပန်ပြည်သူတွေရဲ့ အကျိုးစီးပွားကို ထိခိုက်အောင် လုပ်ဆောင်ခဲ့တာတွေ ရှိပါတယ်ဆိုပြီး သူတို့က ဝန်ခံတယ်”ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောသည်။ 

ယာကူဇာများသည် စစ်ပွဲနောက်ပိုင်း ဂျပန်၌ ဝရုန်းသုန်းကား အခြေအနေတွင် ထွက်ပေါ်လာသည့် လူဆိုးဂိုဏ်းများ ဖြစ်ပြီး လောင်းကစား၊ မူးယစ်ဆေး၊ ပြည့်တန်ဆာလုပ်ငန်း၊ ငွေတိုးခြင်း၊ လုပ်ငန်းရှင်များနှင့် အရာရှိများ၏ ပြစ်မှုများကို ကာကွယ်ပေးခြင်းများ စသည်ဖြင့် လုပ်ဆောင်ကြကာ ဒေါ်လာ ဘီလီယံများစွာ ကြွယ်ဝသော ရာဇဝတ် အဖွဲ့အစည်းများ ဖြစ်လာခဲ့သည်။ 

“အရှေ့အာရှက အခြား ရာဇဝတ်ဂိုဏ်းတွေလိုပဲ ပြည်တွင်းမှာ ဖိအားတွေ များလာတာကြောင့် အခွင့်အလမ်း ရှာဖွေပြီး အရှေ့တောင်အာရှနဲ့ အထူးသဖြင့် မဲခေါင်တို့မှာ လုပ်ငန်းတွေ လုပ်လာကြတာပါ”ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံးမှ လက်ထောက် ဒေသတွင်း ကိုယ်စားလှယ် ဘန်နက်ဒိုက် ဟော့မန်းက ပြောသည်။ 

ယာကူဇာများ၏ လှုပ်ရှားမှုများက ၂၀၁၇ ဝန်းကျင်တွင် စတင် အားကောင်းလာပြီး ပြီးခဲ့သည့် နှစ် သို့မဟုတ် နှစ်နှစ်လောက်အတွင်း ခြေတံလက်တံ ပိုရှည်လာကြောင်း ၎င်းက ပြောသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required