ကျောက်ကြီးတွင် စစ်ကောင်စီ​လက်နက်ကြီးကြောင့် သံဃာ ၁ ပါး ပျံလွန်တော်မူ

ကျောက်ကြီးတွင် စစ်ကောင်စီ​လက်နက်ကြီးကြောင့် သံဃာ ၁ ပါး ပျံလွန်တော်မူ
ပုံအညွှန်း- လက်နက်ကြီး ကျရောက်ပေါက်ကွဲရာ နေရာအချို့အား တွေ့ရစဉ် (ဓါတ်ပုံ- KNU)

YT(မဇ္ဈိမ)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်​၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သံဃာတပါး ဒဏ်ရာရပြီး ပျံလွန်တော်မူခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟို​၏ ယမန်နေ့ နိုဝင်ဘာလ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်ညက ကျောက်ကြီးမြို့နယ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲအပြီးတွင် ပိန်းဇလုပ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၆၄)မှ ကျေးရွာများအတွင်းသို့ ၁၂၀ မမ အမျိုးအစား လက်နက်ကြီး ၁၂ လုံးပစ်ခတ်ခဲ့ကြောင်း၊ခင်ကန့်လန့်ကျေးရွာ၌ ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါရွာမှ သက်တော် ၇၀ နှစ်အရွယ် ဆရာတော်ဥူးသောမသည် ဒဏ်ရာအပြင်းအထန်ရကာ ပျံလွန်တော်မူခဲ့ကြောင်းKNU က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားတိုင်း အရပ်သားရှိရာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်နေသည်ဟု ဒေသခံများက မဇ္ဈိမကိုပြောသည်။

 

နိုဝင်ဘာလ ၂ ရက်နေ့ကလည်း စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၄၃၉)မှ  လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့်  မုန်းမြို့နယ်၊ ဝက်တူးကျေးရွာမှ သံဃာတပါး ကျည်ထိမှန် ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၆ ရက်နေ့နံနက်ကလည်း စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းနင်းမိ၍ ကျောက်ကြီးမြို့နယ်၊တလိုင်းခင်ကျေးရွာမှ ရွာသားစောပယော်ဖိုး​၏ ကျောက်သယ်ကားတစီး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ဆိုသည်။ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေတွင်ပါဝင်သည်။

စစ်ကောင်စီတပ်​၏ ပြည်သူလူထုအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေမှုများအား ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်းနှင့် စစ်ကောင်စီတပ်အား ထိရောက်စွာ အရေးယူပေးရန် နိုင်ငံတကာအစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ တော်လှန်ရေးအဖွဲ့အစည်းများကို ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက အောက်တိုဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုထားသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required