အိန္ဒိယနှင့် အီးယူ ၂၇ နိုင်ငံက AI အန္တရာယ်များကိုဖြေရှင်းမည့် ပထမဆုံးနိုင်ငံတကာကြေညာချက်ကို လက်မှတ်ရေးထိုး

အိန္ဒိယနှင့် အီးယူ ၂၇ နိုင်ငံက AI အန္တရာယ်များကိုဖြေရှင်းမည့် ပထမဆုံးနိုင်ငံတကာကြေညာချက်ကို လက်မှတ်ရေးထိုး

အိန္ဒိယနိုင်ငံနှင့် အီးယူ ၂၇ နိုင်ငံပါဝင်သော ဥရောပသမဂ္ဂတို့သည်  ဉာဏ်ရည်တုဆိုင်ရာ အန္တရာယ်များကို အကဲဖြတ်ရေး အတူတကွလုပ်ဆောင်ရန် ဗြိတိန်တွင် ကျင်းပသော အစည်းအဝေး၌ ကတိပြုခဲ့ကြကာ ကြေညာချက်တစ်စောင်ကို  လက်မှတ်ရေးထိုးခဲ့သည်။

အစည်းအဝေးသို့တက်ရောက်ခဲ့သည်နိုင်ငံများမှာ သြစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ ချီလီ၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အိုင်ယာလန်၊ အစ္စရေး၊ အီတလီ၊ ဂျပန်၊ ကင်ညာ၊ ဆော်ဒီအာရေဗျ၊ နယ်သာလန်၊ နိုင်ဂျီးရီးယား၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ ရဝမ်ဒါ၊ စင်္ကာပူ၊ စပိန်၊ ဆွစ်ဇာလန်၊ တူရကီ၊ ယူကရိန်း၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဗြိတိန်နှင့် မြောက်အိုင်ယာလန်၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ပါဝင်သည်။

ဘလက်ချ်လေပါ့ခ်အဆောက်အုံတွင် ပြုလုပ်ခဲ့သော အစည်းအဝေးကြေငြာချက်တွင်  နိုင်ငံပေါင်း ၂၈ နိုင်ငံက အခွင့်အလမ်းများ၊ စွန့်စားမှုများနှင့် နယ်ပယ်သစ် AI ဆိုင်ရာအပေါ် နိုင်ငံတကာ အရေးယူဆောင်ရွက်မှုများလိုအပ်မှု၊ အရေးပေါ်နှင့် အန္တရာယ်များကို ဖြစ်ပေါ်စေသည့် စနစ်များနှင့်ပတ်သက်ပြီး သဘောတူညီခဲ့ကြသည်။

အိမ်ရာ၊ အလုပ်အကိုင်၊ သယ်ယူပို့ဆောင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ သုံးစွဲနိုင်မှု၊ တရားမျှတမှုစသည့် နေ့စဉ်လုပ်ငန်းဆောင်တာများတွင် AI စနစ်များ၏ အရေးပါမှုကို မှတ်သားထားပြီး ၎င်းကို အသုံးပြုမှုသည် မြင့်တက်လာဖွယ်ရှိသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

အီလက်ထရွန်းနစ်နှင့် အိုင်တီဆိုင်ရာဝန်ကြီး ရာဂျိချန်ဒရာဆေးခါက အိန္ဒိယနိုင်ငံသည် AI ကို ပွင့်လင်းမြင်သာမှု၊ ဘေးကင်းမှု၊ ယုံကြည်မှုနှင့်တာဝန်ခံမှုတို့ဖြင့် ရှုမြင်ကြောင်း ဗြိတိန်တွင် နိုဝင်ဘာ ၁ ရက်တွင် ကျင်းပသော ကမ္ဘာ့ပထမဆုံးသော ဉာဏ်ရည်တုဆိုင်ရာ ထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့သည်။

နည်းပညာကြောင့် လူသားတို့၏သမိုင်း၌ ရှိပြီးသားအခွင့်အလမ်းများကို လက်လွှတ်လိုက်ရချိန်တွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများနှင့် နိုင်ငံတကာစကားဝိုင်းများသည် အလွန်အရေးကြီးသည်ဟု အိန္ဒိယက ခံယူထားကြောင်း ချန်ဒရာက AI Safety Summit 2023 တွင် ပြောသည်။

ဝန်ကြီးက အိန္ဒိယသည် AI ကို နောက်ထပ်အခွင့်အရေးကြီးတစ်ခုအဖြစ် ရှုမြင်ကြောင်းလည်း ပြောကြားခဲ့သည်။

ယနေ့ခေတ်တွင် အိန္ဒိယဒစ်ဂျစ်တယ်စီးပွားရေး၊ ဆန်းသစ်တီထွင်မှုစီးပွားရေးနှင့်ဂေဟစနစ်များမှရရှိမှုသည် ဂျီဒီပီ၏ ဒစ်ဂျစ်တယ်မဟုတ်သောကဏ္ဍမှရရှိမှုထက် ၂ ဆခွဲမှ ၃ ဆအထိ များလာသည်။

ဗြိတိန်နိုင်ငံ ဘက်ကင်ဟမ်ကောင်တီရှိ သမိုင်းဝင် ဘက်ချ်လေပါ့ခ်အဆောက်အအုံတွင် ကျင်းပသည့် ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူးနက်ဦးဆောင်သည့် နှစ်ရက်ကြာ ထိပ်သီးအစည်းအဝေးသို့ နည်းပညာ ဘီလျံနာသူဋ္ဌေး အီလွန်မတ်စ်လည်း တက်ရောက်ခဲ့သည်။

ထိပ်သီးအစည်းအဝေး၏ ရည်ရွယ်ချက်မှာ AI ကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်များအတွက် ပူးပေါင်းလုပ်ဆောင်ရန်နှင့် ၎င်းတို့ကို လျော့ပါးစေရန် ကမ္ဘာ့နိုင်ငံများက  စုပေါင်းကြိုးပမ်းအားထုတ်ရန်ဖြစ်ကြောင်း ဗြိတိန်အစိုးရက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly