ရခိုင်က စစ်စခန်းတွေ အတိုက်ခံရပြီးနောက် စစ်ကောင်စီက ညမထွက်ရ အမိန့် ထုတ်

By မဇ္ဈိမ 
14 November 2023
ရခိုင်က စစ်စခန်းတွေ အတိုက်ခံရပြီးနောက် စစ်ကောင်စီက ညမထွက်ရ အမိန့် ထုတ်

ရခိုင်က စစ်စခန်းတွေ အတိုက်ခံရပြီးနောက်စစ်ကောင်စီက  နိုဝင်လဘာ ၁၃ ရက်နေ့ကစပြီး စစ်တွေမြို့မှာ ရက်အကန့်သတ်မရှိ  ည ၉ နာရီနောက်ပိုင်း အပြင်မထွက်ကြဖို့ ပိတ်ပင်လိုက်ပါတယ်။

အကြမ်းဖက် စစ်တပ်က ညမထွက်ရ အမိန့် ထုတ်ပြန်ပြီးနောက် မြို့ထဲကို တင့်ကားများ ဝင်ရောက်လာကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
ရသေ့တောင်၊ မင်းပြားမြို့နယ်တို့မှာ  ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်တွေမြို့မှာ ည ၉ နာရီမှ စပြီး နေအိမ်အပြင် မထွက်ဖို့  ပြည်နယ်စစ်ကောင်စီက အမိန့်ထုတ်ထားကြောင်း၊ စစ်တွေမြို့ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ အားလုံးကို  ပြည်နယ်စစ်ကောင်စီရဲ့  အမိန့်နဲ့ ခရိုင်အုပ်ချုပ်ရေးမှူးက ခရိုင်အုပ်ချုပ်ရေးရုံသို့ ခေါ်ယူကာ ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

စားသောက်ဆိုင်နဲ့ လမ်းဘေးဈေးဆိုင်တွေကို ည ၈:၃၀ အပြီးပိတ်သိမ်းပေးရမှာဖြစ်ပြီး လုပ်သားပြည်သူလူထုတွေက ည ၉:၀၀ နောက်ပိုင်း အပြင်သို့မထွက်ကြဖို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာ ၁၃ ရက်မှာ  စတင်လိုက်တဲ့ ရခိုင်စစ်ပွဲပထမဆုံးရက်မှာ  ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့် တပ်တော် (ULA/AA)က ရသေ့တောင်နဲ့ မောင်တောနယ်ခြားစောင့်စခန်းအပါအဝင် စစ်ကောင်စီစခန်းတချို့ကို သိမ်းပိုက်နိုင်လိုက်ပြီး စစ်တပ်အရာရှိတချို့ကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုဝင်ဘာ ၁၃ ရက် နံနက် ၅ နာရီခန့်မှာ ရသေ့တောင်နယ်ခြားစောင့်စခန်းတွေဖြစ်တဲ့ ရသေ့တောင်မြို့နယ် တောင်ပိုင်း အငူမော်- မောင်တော ကားလမ်းပေါ်မှာတည်ရှိတဲ့  ချိန်ခါလီစခန်းနဲ့  ဒုံးပိုက်စခန်းနှစ်ခုကို ရက္ခိုင့် တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခဲ့တာပါ။

ဒါ့အပြင် အပြင်မင်းပြားမြို့နယ် ဖားပြို(အောက်)ရွာအနီးမှာရှိတဲ့ ရှိပြည်ထောင်စု ကားလမ်းမကြီးပေါ်က စစ်ကောင်စီယာဉ်တန်းကို ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တွေက လိုက်လံတိုက်ခိုက်ရာ  နှစ်ဖက်အပြန် အလှန် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်တပ်ကားနှစ်စီး မီးလောင်သွားပြီး  တပ်ဖွဲ့ဝင်တချို့ အဖမ်းခံခဲ့ရတာလို့လည်း ဒေသခံတွေကဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် မွန်းလွဲပိုင်းမှာ ပုဏ္ဏားကျွန်းမြို့နယ် ကွန်းတောင်ဘူတာ တပ်စခန်းက စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာသွားကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကျောက်တော်မြို့မှာလည်း အပေါက်ဝကျေးရွာက စစ်ကောင်စီရဲစခန်းက စခန်းတခုလုံး AA ထံ လက်နက်ချသွားပြီး ရသေ့တောင်နဲ့ မြောက်ဦးတို့မှာလည်း စစ်ကောင်စီနဲ့ မဟာမိတ်ညီနောင်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

စစ်ကောင်စီရဲ့ ရက္ခိုင်ပြည်အခြေစိုက်ရသေ့တောင်၊ ချိန်ခါလီ နယ်ခြားစောင့်တပ်စခန်းကိုလည်း နိုဝင်ဘာလ(၁၄) ရက်၊ နံနက်(၇) နာရီခန့်မှာ ရက္ခိုင့်တပ်တော်မှ  အပြီးသတ်သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် လက်ရှိအချိန်မှာ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာ တောတောင်တွေထဲကို ထွက်ပြေးနေကြရပြီး ဆက်သွယ်ရေးဖုန်းလိုင်းတွေလည်း ပြတ်တောက်နေကြောင်းသိရပါတယ်။

ဒါ့အပြင် ရခိုင်တောင်ပိုင်းက မြို့နယ်တချို့မှာလည်း မြို့ဝင်မြို့ထွက်ခွင့်တွေကို စစ်ကောင်စီက ပိတ်ထားသလို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့နယ်မှာလည်း စစ်ဆေးရေး ဂိတ်တွေကို စစ်ကောင်စီက ပိတ်ထားတယ်လို့ အမ်းဒေသခံတချို့ကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ် ရပ်စဲခဲ့ပြီးနောက် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာနေတာဖြစ်ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း ရက္ခိုင့်တပ်တော် အပါအဝင် ညီနောက်မဟာမိတ် ၃ ဖွဲ့က အောက်တိုဘာ ၂၇ ရက်က စတင်ကာ ၁၀၂၇ စစ်ဆင်ရေးပြုလုပ်ပြီး မြို့သိမ်းတိုက်ပွဲတွေ၊ စခန်းသိမ်းတိုက်ပွဲတွေ ဆက်တိုက် ဆင်နွှဲနေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly