ဖေ့စ်ဘုတ်လူမှုကွန်ရက်မှ Operation 1027 စာမျက်နှာဖြုတ်ချခံရပြီး အတုထွက်ပေါ်

By JC(မဇ္ဈိမ)
11 November 2023
ဖေ့စ်ဘုတ်လူမှုကွန်ရက်မှ Operation 1027 စာမျက်နှာဖြုတ်ချခံရပြီး အတုထွက်ပေါ်

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့မှဖော်ဆောင်နေသော “Operation 1027” နှင့်ပတ်သက် သည့် စစ်ရေးသတင်းများကို ထုတ်ပြန်နေသည့် ဖေ့စ်ဘုတ်စာမျက်နှာဖြုတ်ချခံရပြီး စာမျက်နှာအတုတခု ထွက်ပေါ်နေသည်။

“Operation 1027 (Northern Alliance)” အမည်ဖြင့် ဖေ့စ်ဘုတ်စာမျက်နှာတခုသည် မြောက်ပိုင်းမဟာ မိတ်ညီနောင်သုံးဖွဲ့၏စစ်ရေးထုတ်ပြန်ချက်များကို ဖော်ပြနေသည်။ ယင်းစာမျက်နှာကို ကြိုက်နှစ်သက် သူ ၅,၆၀၀ ကျော်ရှိပြီး စောင့်ကြည့်သူ ၇,၁၀၀ ကျော်ရှိသည်။

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများက စစ်ဆေးခဲ့ရာတွင် ယင်းစာမျက်နှာသည် ၂၀၂၀ ခုနှစ် ဖေဖော်ဝါ ရီလ ၂၆ ရက်နေ့တွင် “Art of Myanmar-Production” အမည်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်း Myanmar Art, PDF Myanmar Art, Myanmar Federal, News Asia info စသဖြင့် အမည်ငါးကြိမ် ပြောင်းလဲခဲ့သည်ကို တွေ့ရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့တွင် “Operation 1027” ဟု အမည်သို့ပြောင်းလဲကာ မြောက်ပိုင်း မဟာမိတ်ညီနောင်သုံးဖွဲ့၏ စစ်ဆင်ရေးနှင့် သက်ဆိုင်သည့် သတင်းများကို ဖော်ပြလာသည်။ “Arakan Army, TNLA, MNDAA, #1027” ဟူသည့် ပို့စ်ကို နိုဝင်ဘာလ ၃ ရက်နေ့တွင် ပထမဆုံးတင်ထားပြီး ယခင် ပိုစ့်များကိုမူ မတွေ့ရတော့ပေ။ ဖေ့စ်ဘုတ်တွင် “Operation 1027” ဟု ရှာဖွေကြည့်လျှင်လည်း ယင်း စာမျက်နှာအတုကိုသာ တွေ့မြင်ရတော့သည်။

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့မှ ဖော်ဆောင်နေသည့် စစ်ဆင်ရေး၏ စစ်ရေးသတင်းထုတ်ပြန်ချက် များကို ဖော်ပြနေသည့် ဖေ့စ်ဘုတ်စာမျက်နှာအစစ်၏အမည်မှာ “Operation 1027 - 3BHA” ဖြစ်သည်။ ၎င်းစာမျက်နှာကို ကြိုက်နှစ်သက်သူ ၇၃,၀၀၀ ကျော်ရှိပြီး စောင့်ကြည့်သူ ၉၀,၀၀၀ ကျော်ရှိသော်လည်း နိုဝင်ဘာလ ၉ ရက်နေ့တွင် ဖေ့စ်ဘုတ်၏စည်းကမ်းချက်နှင့် မကိုက်ညီဟုဆိုကာ ယာယီကန့်သတ်ခြင်း ခံလိုက်ရသဖြင့် လက်ရှိတွင် ဖေ့စ်ဘုတ်မှတဆင့် သတင်းထုတ်ပြန်နိုင်ခြင်းမရှိကြောင်း မြောက်ပိုင်းမဟာ မိတ်ညီနောင်သုံးဖွဲ့၏ တယ်လီဂရမ်ချန်နယ်မှ ဖော်ပြထားသည်။
ယင်းအပြင် “Operation 1027 (Northern Alliance)” ဖေ့စ်ဘုတ်စာမျက်နှာသည်လည်း စာမျက်နှာအတု ဖြစ်ကြောင်း ဖော်ပြထားသည်။ လင့် - https://t.me/threebrotherhoodalliance/149

ဖော်ပြချက်တွင် “Operation 1027” နှင့် သက်ဆိုင်သည့် တိုက်ပွဲသတင်းထုတ်ပြန်ချက်များအား လူမှုကွန် ယက်များဖြစ်သည့် တယ်လီဂရမ်တွင် “3 Brotherhood Alliance (AA+MNDAA+TNLA) အမည်ဖြင့် လည်းကောင်း၊ တွစ်တာ(X) လူမှုကွန်ယက်တွင် Operation 1027-3BHA အမည်ဖြင့်လည်းကောင်း၊ VK တွင် ညီနောင်မဟာမိတ်(၃)ဖွဲ့ အမည်ဖြင့်လည်းကောင်း၊ ထိုစာမျက်နှာများမှသာ စစ်ရေးသတင်းများကို ထုတ်ပြန်သွားမည်ဖြစ်ပြီး အခြားမည်သည့် လူမှုကွန်ရက်တွင်မျှ ထုတ်ပြန်ခြင်းမရှိကြောင်း ဖော်ပြထား သည်။

ထို့ကြောင့် ဖေ့စ်ဘုတ်တွင်ထွက်ပေါ်နေသည့် “Operation 1027 (Northern Alliance)” အမည်ရှိ စာမျက်နှာသည် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့မှ ဖော်ဆောင်နေသော စစ်ရေးသတင်းများကို ထုတ် ပြန်နေသည့် စာမျက်နှာအတုသာ ဖြစ်သည်။
အဆိုပါ ဖေ့စ်ဘုတ်စာမျက်နှာအတုကို အစစ်ထင်၍ တော်လှန်ရေးရဲဘော်များ၊ ထောက်ခံသူများမှ ဆက် သွယ်ခဲ့ပါက မိမိ၏အချက်အလက်များ ပေါက်ကြားစေနိုင်သည်။ ထို့ပြင် ပေ့ချ်အတုမှ သတင်းတုများကို လည်း ဖြန့်ဝေလာနိုင်သဖြင့် သတင်းဖတ်ရှုသူများအနေဖြင့် အဖွဲ့အသီးသီး၏ တရားဝင်သတင်းပြန်ကြား ရေးမှသတင်းများနှင့် ယုံကြည်စိတ်ချရသည့် သတင်းဌာနများမှ သတင်းများကိုသာ ဖတ်ရှုကြရန် အသိပေး လိုက်ရပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - t.ly/AjFbz သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါ သည်။

စာတည်း - စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly