သုံ့ပန်းအဖြစ် အဖမ်းခံထားရသော စစ်ကောင်စီတပ်အရာရှိကြီးက မိသားစုထံသတင်းစကားပါး 

13 November 2023
သုံ့ပန်းအဖြစ် အဖမ်းခံထားရသော စစ်ကောင်စီတပ်အရာရှိကြီးက မိသားစုထံသတင်းစကားပါး 

ကရင်နီတော်လှန်ရေးတပ်က ဖမ်းဆီးခံထားရသော စစ်ကောင်စီတပ်အရာရှိကြီးတဦးက သူ့အနေဖြင့် ကျန်းမာစွာရှိနေကြာင်း မိသားစုထံသတင်းစကားပါးသော ဗီဒီယိုတခုထွက်ပေါ်လာသည်။
 
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဖမ်းဆီးရမိထားသော ဗိုလ်မှူး/ ဗိုလ်ကြီး ဖြိုးမြင့်လှိုင်က " ကျွန်တော်ကတော့ ပြန်တမ်းဝင်အမှတ် ကြည်း-... ဗိုလ်မှုး/ ဗိုလ်ကြီး ဖြိုးမြင့်လှိုင်  ဖြစ်ပါတယ်။ ကျနော်လက်ရှိတာဝန်ထမ်းဆောင်နေတဲ့တပ်ကတော့ အမှတ် (၄၂၃) ခြေမြန်တပ်ရင်း ဆီဆိုင်မြို့ကဖြစ်ပါတယ်။ ကျနော်တို့တပ်ရင်း လက်ရှိစစ်ဆင်ရေး ဝင်နေတဲ့ဒေသကတော့ ကယားပြည်နယ် နမ့်လာခါးဒေသဖြစ်ပါတယ်။ နမ့်လာခါးဒေသမှာ ၁၁ ရက်နေ့မနက် တိုက်ပွဲမှာ တော်လှန် ရေးရဲဘော်များရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ မိသားစုကို အသိပေး ‌ပြောကြားလိုတာကတော့ ကျနော်ဟာ လက်ရှိကရင်နီပြည်နယ် တနေရာမှာ ကျန်းကျန်းမာမာနဲ့ ကောင်းမွန်စွာနေထိုင်လျက်ရှိ‌ကြောင်း အသိပေးလိုပါတယ်" ဟု ဗီဒီယိုတွင်ပြောထားသည်ကိုတွေ့ရသည်။
 
ကရင်နီတော်လှန်ရေး တပ်ပေါင်းစုမှ ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများကို နိုင်ငံတကာစစ်သုံ့ပန်း ဥပဒေနှင့်အညီ ထိန်းသိမ်းထား‌ကြောင်းနှင့် စစ်ကောင်စီလက်အောက်ခံတွင် ကျန်ရှိနေသော တပ်သားများအနေဖြင့်လည်း လက်နက်ချ ပူးပေါင်း အလင်းဝင်ပါက စစ်သုံ့ပန်း မူဝါဒကို အပြည့်အဝခံစားရမည် ဖြစ်‌ကြောင်း KNDF က အာမခံလိုက်သည်။

သို့သော် ပူးပေါင်းပါဝင်ခြင်းမရှိဘဲ ဆက်လက်ခုခံနေပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးလိုက်သည်ဟုလည်းပါရှိသည်။ 

Operation 1027 နှင့်အတူ ဟန်ချက်ညီစစ်ဆင်ရေးအဖြစ် ကရင်နီပြည်၌ နိုဝင်ဘာ ၁၁ ရက်တွင် "၁၁.၁၁ စစ်ဆင်ရေး" ကို တော်လှန်ရေးတပ်ပေါင်းစုံက စတင်ခဲ့ပြီး နိုဝင်ဘာ ၁၂ ရက်အထိ စစ်စခန်း ခုနှစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု KNDF က ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly