လွိုင်ကော်တိုက်ပွဲအတွင်း သားအဖ ၂ ဦး လက်နက်ကြီးထိမှန် သေဆုံး၊ အရပ်သားအများအပြား ဒဏ်ရာရ

By ဂျူချန်း (မဇ္ဈိမ)
13 November 2023
လွိုင်ကော်တိုက်ပွဲအတွင်း သားအဖ ၂ ဦး လက်နက်ကြီးထိမှန် သေဆုံး၊ အရပ်သားအများအပြား ဒဏ်ရာရ
ပုံအညွှန်း-ထေးငှားလျားကျေးရွာမှ ထိခိုက်ဒဏ်ရာရသူ အမျိုးသမီးတဦး

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင် တိုက်ပွဲဖြစ်ပွားနေစဉ် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသဖြင့် ပိတ်မိနေသည့်သားအဖနှစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။

တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် နိုဝင်ဘာလ ၁၁ ရက် နံနက် ၉ နာရီခန့်တွင် လွိုင်ကော်မြို့နယ် ထေးငှားလျား ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး သားအဖနှစ်ဦးကိုထိမှန်ခဲ့ရာ တိုက်ပွဲ ပြင်းထန်နေသောကြောင့် အချိန်မီကယ်ဆယ်၍မရသဖြင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ကူညီကယ်ဆယ် ရေးဆောင်ရွက်နေသူထံမှ သိရသည်။

“ထေးငှားလျားရွာထဲ ကျနော်တို့ ဝင်လို့မရဘူး။ ကလေးဖအေနဲ့ ကလေး ဆုံးသွားတယ်ဗျ။ 

လက်နက်ကြီး ကျည်ထိပြီးတော့လေ။ အဲဒီချိန်မှာ ကျနော်တို့လည်း စစ်ရှောင်ရင်းတန်းလန်းဖြစ်နေတော့ ကယ်လို့ မရ ဘူး။ တခြားအဖွဲ့တွေကလည်းထွက်လို့မရဘူးလေ။ အဲဒါနဲ့ပဲ နောက်ဆုံးတော့ ဆုံးပါးသွားတယ်” ဟု ကယ် ဆယ်ရေးဆောင်ရွက်နေသူတဦးက မဇ္ဈိမကို ပြောသည်။

ထို့ပြင် နိုဝင်ဘာလ ၁၁ ရက်နေ့က လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်၊ ဘိုးဘွားရိပ်သာအနီးမှ အသက် နှစ်နှစ် အရွယ် ကလေးငယ်တဦး၊ အသက် ၄၀ နီးပါးကလေးမိခင်၊ ထေးငှားလျားကျေးရွာမှ အသက် ၃၀ ကျော် ဒေါ်မာရီယာ၊ နို့ကိုးရွာမှဒေသခံနှစ်ဦးတို့ လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့ကြပြီး အခြားလက်လှမ်း မမီသည့်ဒေသများ၌လည်း ထိခိုက်ဒဏ်ရာရသူ များပြားကြောင်း သိရသည်။

“ကလေးမအေတယောက်နဲ့ ကလေးတယောက်။ ကလေးက နှစ်နှစ်လောက်ပဲ ရှိဦးမယ်။ ခြေထောက်နှစ် ဖက်လုံး ထိသွားတယ်။ အဲ့ဒီရက်မှာပဲ ထေးငှားလျားအစပ်မှာ အမျိုးသမီးတယောက် ရင်ဘတ်ထိတယ်။

နို့ကိုးမှာလည်း နှစ်ယောက်ထိတယ်။ နို့ကိုးက နှစ်ယောက်လည်း သေလားရှင်လားမသိဘူး။ မနေ့တည်းက လာခေါ်ခိုင်းထားတာ။ ကျနော်တို့ သွားခေါ်လို့ အဆင်မပြေဘူး။ တခြား ကျနော်တို့ မကယ်နိုင်တာတွေ လည်းရှိသေးတယ်” ဟု ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူက ပြောသည်။

ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေစဉ် ပရဟိတအသင်းမှ ကားနှစ်စီးကိုလည်း နိုဝင်ဘာလ ၁၁ ရက် နေ့တွင် စစ်ကောင်စီတပ်ဖွဲ့က သိမ်းဆည်းသွားကြောင်း သိရသည်။

လွိုင်ကော်မြို့စွန်နှင့် အနီးတဝိုက်တွင် နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်အစောပိုင်းမှစတင်ကာ ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များကြား တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့က လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ် ခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

“အခြေအနေမကောင်းဘူး။ မြို့တွေထဲလျှောက်ပစ်နေတာ။ အိမ်နားလည်းကျတယ်။ လူတွေလည်း ထိ တယ်။ လွိုင်ကော် (၂၅၀)၊ (၂၆၁) တပ်တွေ၊ ရပ်ကွက်အတော်များ လက်နက်ကြီးကျတယ်။ တချို့နေရာဆို တိုက်ပွဲမရှိလည်း ပစ်နေတာပဲ။ ရှောင်လို့ရတဲ့သူတော့ ရှောင်ကြပြီ” ဟု လွိုင်ကော်မြို့ခံအမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ ခွဲခန့်ကလည်း စစ်ကောင်စီတပ်က နာနတ်တော ရပ်ကွက်ဘက် သို့ လေယာဉ်ဖြင့်ပစ်ခတ်တိုက်ခိုက်နေပြီး ထိခိုက်မှုအသေးစိတ်အခြေအနေကို မသိနိုင်သေးကြောင်း အခြားမြို့ခံတဦးက ပြောသည်။

“နာနတ်တောဘက်ကို လေယာဉ်နဲ့ပစ်နေတာ။ အဲဒီဖက်မှာ အရပ်သားတွေရှိတယ်။ တချို့က ဘုန်းကြီး ကျောင်းမှာရှောင်နေတယ်။ နှစ်ကြိမ်ပစ်ပြီးပြီး၊ အခုလည်း လေထဲဝဲနေတုန်း။ ရပ်ကွက်ထဲလည်း လက်နက် ကြီးတွေကျတယ်။ အခြေအနေ သေချာမသိရသေး။ လေယာဉ်တော့ ဝဲနေတုန်း” ဟု လွိုင်ကော်မြို့ခံတဦး က ယနေ့နံနက်  ၁၀ နာရီခွဲတွင် မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်ကာ ကရင်နီပြည်တွင် “ ၁၁.၁၁ စစ်ဆင်ရေး” စတင်ကြောင်း ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုကကြေညာခဲ့ပြီး စစ်ဆင်ရေးစတင်သည့် ပထမဆုံးနေ့တွင်ပင် လွိုင်ကော်၊ ဒီးမော့ဆို၊ နန်းမယ်ခုံတို့ရှိ စစ်ကောင်စီ၏ တပ်စခန်းခုနစ်ခုကိုသိမ်းပိုက်နိုင်ခဲ့ကာ  စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required