လွိုင်ကော်တက္ကသိုလ် Non CDM ဝန်ထမ်း ၁၃၄ ဦးနှင့် မိသားစုဝင်များကို ဘေးလွတ်ရာပို့ဆောင်ထားဟု IEC ထုတ်ပြန်

By ဂျူချန်း(မဇ္ဈိမ)
15 November 2023
လွိုင်ကော်တက္ကသိုလ် Non CDM ဝန်ထမ်း ၁၃၄ ဦးနှင့် မိသားစုဝင်များကို ဘေးလွတ်ရာပို့ဆောင်ထားဟု IEC ထုတ်ပြန်
ပုံအညွှန်း- လွိုင်ကော်တက္ကသိုလ်အတွင်း Non CDM ဝန်ထမ်းများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေစဉ် (Karenni IEC)

ကရင်နီပြည်နယ်တွင် ၁၁.၁၁ စစ်ဆင်ရေး စတင်ပြီးနောက် လွိုင်ကော်မြို့အနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေရာ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသည့် လွိုင်ကော်တက္ကသိုလ်မှ စစ်ကောင်စီလက်အောက်ခံဝန်ထမ်း ၁၃၄ ဦးနှင့် ၎င်းတို့၏ မိသားစုဝင် ၆၄ ဦး စုစုပေါင်း ၁၉၈ ဦးကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ဘေးလွတ်ရာသို့ ပို့ဆောင်ကာ ဘေးကင်းလုံခြုံစွာ ထိန်းသိမ်းထားကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က နိုဝင်ဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါဥခူ ရပ်ကွက်တွင်ရှိသည့် လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို နိုဝင်ဘာ ၁၃ ရက်နေ့တွင် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တက္ကသိုလ်တွင်း ပိတ်မိနေသည့် စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုများကို ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခဲ့ရခြင်းဖြစ်ပြီး လွိုင်ကော်တက္ကသိုလ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

“တက္ကသိုလ်နားက အနီးဝန်းကျင်မှာတော့ ကျနော်တို့ တိုက်ပွဲတွေ ဖြစ်နေတုန်းပဲ ဖြစ်ပါတယ်” ဟု KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ တိုက်ပွဲဖြစ်ပွားပြီးနောက် လွိုင်ကော်တက္ကသိုလ်တွင်းရှိ ကျောင်းသူကျောင်းသားများနှင့် ဆရာဆရာများ၏ အခြေအနေနှင့် ပတ်သက်၍  “ကျောင်းသားကျောင်းသူတွေနဲ့ ဆရာဆရာမတွေကိုတော့ ကျနော်တို့ ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်တယ်။ ဆက်လက်ပြီး ကျန်ရှိနေတဲ့လူတွေကယ်ထုတ်ရေးကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိတယ်” ဟု သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ ၁၄ ရက်နေ့တွင် ပြောသည်။

ထိန်းသိမ်းထားသည့် Non CDM ဝန်ထမ်းများ၏ အသေးစိတ်အချက်အလက်များကိုမူ စာရင်းပြုစုနေဆဲဖြစ်ပြီး ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံး လုံခြုံသည့် နေရာတွင်ရှိကြောင်း Karenni IEC မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် လွိုင်ကော်တက္ကသိုလ်ကို ကရင်နီပူးပေါင်းတပ်များမှ ဝင်ရောက်စီးနင်းထားပြီး ထိန်းသိမ်းထားသည့် Non CDM ဝန်ထမ်းများကိုလည်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC )မှ ရေသားပြုစုထားသည့် “CDM နိုင်ငံဝန်ထမ်းဆိုင်ရာ မူဝါဒစာတမ်း” ပါ ပြဋ္ဌာန်းချက်များနှင့် လူ့အခွင့်အရေးကို အခြေခံကာ ဆက်လက်စီမံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Karenni IEC မှ ဖော်ပြထားသည်။

“CDM နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒ စာတမ်း” အခန်း(၄) ဖြစ်သည့် Non-CDM နိုင်ငံ့ဝန်ထမ်းများကို အရေးယူခြင်းတွင် အပိုဒ်(၉) ၌ အာဏာသိမ်းကာလအတွင်း ကျူးလွန်ခဲ့သည့် အဂတိလိုက်စားမှုများ၊ လာဘ်ပေးလာဘ်ယူများကို ပြန်လည်ဖော်ထုတ်စစ်ဆေးအရေးယူခြင်းလည်းကောင်း၊ အပိုဒ်(၁၁) ၌ အာဏာသိမ်းကာလအတွင်း ရယူထားသည့် ပုံမှန်ခံစားခွင့်နှင့် အထူးခံစားခွင့်များကို ပြန်လည်ပေးအပ်စေခြင်း၊ ဝန်ထမ်းကျင့်ဝတ် ပျက်ယွင်းကြောင်း နိုင်ငံ့ဝန်ထမ်းလုပ်သက်ဆိုင်ရာ မှတ်တမ်းစာအုပ်တွင် ထည့်သွင်းခြင်းလည်းကောင်း Non CDM ဝန်ထမ်းများကို အရေးယူခြင်းဆိုင်ရာ အခြားအချက်အလက်များ ပါရှိသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required