မြန်မာကို ICJ မှာ တရားစွဲဆိုမှုမှာ ဗြိတိန်နဲ့ ကနေဒါအပါအဝင် ၆ နိုင်ငံပူးပေါင်းပါဝင်လာ

By မဇ္ဈိမ 
20 November 2023
မြန်မာကို ICJ မှာ တရားစွဲဆိုမှုမှာ ဗြိတိန်နဲ့ ကနေဒါအပါအဝင် ၆ နိုင်ငံပူးပေါင်းပါဝင်လာ

မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာတရားရုံး (ICJ) မှာ တရားစွဲဆိုထားတဲ့ အမှုကို ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန် နဲ့ ဗြိတိန် စတဲ့ ခြောက်နိုင်ငံက ပူးပေါင်းပါဝင်တယ်လို့ ICJ က နိုဝင်ဘာ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အင်္ဂလန်၊ပြင်သစ်၊ဂျာမနီ၊နယ်သာလန်နဲ့ ဒိန်းမတ်တို့ဟာ ကြားဝင်စွက်ဖက်ကြောင်း ကြေညာချက် တင်သွင်းပြီး ကနေဒါကလည်း ပူးပေါင်းခဲ့သလို ဒီခြောက်နိုင်ငံအပြင် တောင်အာရှက မော်လဒိုက်နိုင်ငံကလည်း မြန်မာနိုင်ငံကို စွဲဆိုထားတဲ့အမှုမှာ ပူးပေါင်းပါဝင်ထားတယ်လို့ နိုင်ငံတကာတရားရုံးက ဆိုထားပါတယ်။

တရားရုံး စည်းမျဉ်းစည်းကမ်းများ တင်သွင်းတဲ့ ထုတ်ပြန်ချက်အရ အဲဒီနိုင်ငံတွေဟာ ၂၀၁၉ ခုနှစ်က တင်ခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ်ကျူးလွန်မှုမှာ တရားစွဲဆိုမှုတွေ ပြုလုပ်နိုင်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ရဲ့ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်ပြီး မြန်မာနိုင်ငံကပါ ပါဝင်လက်မှတ်ထိုးထားတဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတားမြစ်ရေးဆိုင်ရာ နိုင်ငံတကာဥပဒေကိုချိုးဖောက်တာဆိုပြီး ဂမ်ဘီယာနိုင်ငံက ICJ နိုင်ငံတကာခုံရုံးကို အမှုတင်သွင်းထားတာပါ။

အဲဒီသဘောတူညီချက်အရဆိုရင် လက်မှတ်ထိုးထားတဲ့နိုင်ငံတွေအနေနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုကို တားဆီးဟန့်တားရမှာဖြစ်သလို ကျူးလွန်သူတွေကိုလည်း အပြစ်ပေးအရေးယူဖို့ တာဝန်ရှိပါတယ်။ 

တရားလိုပြုလုပ်ထားတဲ့ ဂမ်ဘီယာနဲ့ မြန်မာတို့ဟာ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ တားဆီးတဲ့ ကွန်ဗင်းရှင်းမှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်တွေဖြစ်ကြပြီး ကတိကဝတ် ပြုထားသူတွေဟာ အကောင်အထည်ဖော်ဖို့ တာဝန်ရှိတယ်လို့ စောဒကတက်ခဲ့သလို မြန်မာနိုင်ငံ ကိုလည်း ကွန်ဗင်းရှင်း ဖောက်ဖျက်ကြောင်း တရားရုံးက ကြေညာဖို့တောင်းဆိုထားပါတယ်။

အမှုကို ကြားနာဖို့ အချိန်ဇယားမရှိသေးပေမယ့် တရားရုံးက ဒီအခြေအနေကို စီရင်ပိုင်ခွင့်ရှိတယ်လို့ ဆုံးဖြတ်ထားတာပါ။

၂ဝ၁၇ ခုနှစ်က ရိုဟင်ဂျာ ခုနစ်သိန်းကျော်ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို မောင်းထုတ်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ ရှင်းလင်းရေး စစ်ဆင်ရေးတွေဟာ လူမျိုးတုံးစေလိုတဲ့ ဆောင်ရွက်ချက်တွေ ပါဝင်တယ်လို့ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့က သုံးသပ်ထားပါတယ်။

မြန်မာနိုင်ငံဘက်ကတော့ ကုလသမဂ္ဂရဲ့ တွေ့ရှိချက်တွေဟာ မှားယွင်းပြီး ဘက်လိုက်မှုရှိနေတယ်လို့ တုံ့ပြန်ထားပြီး လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်ကို ငြင်းဆန်ထားပါတယ်။ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေဟာ ရိုဟင်ဂျာ လက်နက်ကိုင်တွေကို ပစ်မှတ်ထား နှိမ်နှင်းတာသာ ဖြစ်တယ်လို့ ပြောထားပါတယ်။

အပြည်ပြည်ဆိုင်ရာ တရားမျှတမှုဆိုင်ရာ တရားရုံးICJ က နိုင်ငံတွေကြား အငြင်းပွားမှုတွေ အပေါ် စည်းမျဉ်းတွေချမှတ်ခဲ့ကာ ICC အစိုးရရှေ့နေတွေကတော့ ရိုဟင်ဂျာတွေကို ကျူးလွန် ခဲ့တဲ့ ရာဇဝတ်မှုတွေကို ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂအဖွဲ့အစည်းကြီးရဲ့ လက်တံတခုအနေနဲ့ရှိတဲ့ တရားရုံးအနေနဲ့ ဒီအငြင်းပွားမှုကို ငြိမ်းချမ်းစွာဖြေရှင်းကိုင်တယ်ဖို့ လိုအပ်ချက်ကိုလည်း အခုပူးတွဲထုတ်ပြန်တဲ့ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နဲ့ ဗြိတိန်နိုင်ငံတို့က ထောက်ပြထားပါတယ်။

အမျိုးသမီးနဲ့ ကလေးငယ်တွေ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ အခြေအနေကို အဓိကထားပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး တာနီရာ ဗွန် အာစလာက တွစ်တာမှာ ရေးသားထားပါတယ်။

ICJ အမှုနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီဘက်က ပြန်လည်ချေပ အစီရင်ခံတင်သွင်းရမယ့်ရက်မှာ မြန်မာစစ်ကောင်စီက ရက်ရွှေ့ပေးဖို့တောင်းဆိုထားတာကြောင့် လတ်တလောမှာ ICJ ဘက်က မြန်မာစစ်ကောင်စီတင်သွင်းမယ့် အစီရင်ခံစာကို နောက်ဆုံးသတ်မှတ်ရက်ရွှေ့ဆိုင်းထားပေးပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required