လွိုင်ကော်တက္ကသိုလ်၌ တပ်စွဲထားသည့် စစ်ကောင်စီ တပ်ရင်းမှူး အပါအဝင် ၁၁၀ ကျော် သေဆုံး၊ ကျန် တပ်ဖွဲ့ဝင်များ လက်နက်ချ

By ဂျူချန်း၊002(မဇ္ဈိမ)
15 November 2023
လွိုင်ကော်တက္ကသိုလ်၌ တပ်စွဲထားသည့် စစ်ကောင်စီ တပ်ရင်းမှူး အပါအဝင် ၁၁၀ ကျော် သေဆုံး၊ ကျန် တပ်ဖွဲ့ဝင်များ လက်နက်ချ
ဓါတ်ပုံ- KNDF

ကရင်နီပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှုးနှင့် ဒုတပ်ရင်းမှူးအပါအဝင် ၁၁၀ ကျော် သေဆုံးပြီး သုံ့ပန်းများကိုလည်း ဖမ်းမိထားကြောင်းနှင့် နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီတပ်သားများ လက်နက်ချအညံ့ခံလာကြောင်း KNDF မှ​ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

လွိုင်ကော်တက္ကသိုလ်အတွင်းမှ တပ်မ(၆၆) လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့များကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်က ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နှစ်ရက်အတွင်း ခမရ(၄၂၅) မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးအပါအဝင် တပ်ရင်းတရင်းလုံးနီးပါးနှင့် ခမရ(၆) မှ တပ်ရင်းတဝက်ခန့် သေဆုံးခဲ့ပြီး စုစုပေါင်း စစ်ကောင်စီတပ်သား ၁၁၀ ကျော်သေဆုံးကာ စစ်သုံ့ပန်း ၃၈ ယောက်ဖမ်းဆီးရရှိခဲ့သည်ဟုကရင်နီအမျိုးသားကာကွယ်ရေးတပ် - KNDF က ထုတ်ပြန်သည်။ ၎င်းအပြင် လက်နက်ကြီးလက်နက်ငယ် ၁၂၈ လက်နှင့် ခဲယမ်းပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟုဆိုသည်။

နိုဝင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းတွင် လွိုင်ကော်တက္ကသိုလ်ဝင်းအတွင်း နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီတပ်သားများကို လက်နက်ချရန် အခွင့်အရေးပေးခဲ့ပြီး တပ်ခွဲမှူး ကောင်းမြတ်ကို ဦးစီးသည့် စစ်ကောင်စီတပ်သား ၃၂ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း ဖော်ပြထားသည်။

“လက်နက်ချတဲ့ လူတွေကို ကျနော်တို့ကတော့ စစ်သုံ့ပန်းအနေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတယ်။ စစ်ဥပဒေ၊ လူသားဥပဒေတွေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ တိုက်ပွဲကတော့ ဆက်ဖြစ်နေတုန်းပဲ” ဟု KNDF သတင်းပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

သုံ့ပန်းများကို KNDF ၏ စစ်ဖက်ဆိုင်ရာဥပဒေ နှင့် သုံ့ပန်းဆိုင်ရာမူဝါဒများအတိုင်း ခံစားခွင့်ပေးထားပြီး ကျန်းမာရေးစောင့်ရှောက်မှုများပါ အပြည့်အဝပေး၍ ထိန်းသိမ်းထား‌ကြောင်း KNDF က ‌ဆိုသည်။

လွိုင်ကော်တက္ကသိုလ်အတွင်း ပိတ်မိနေသည့် စစ်ကောင်စီလက်အောက်ခံဝန်ထမ်း ၁၃၄ ဦးနှင့် ၎င်းတို့၏ မိသားစုဝင် ၆၄ ဦး စုစုပေါင်း ၁၉၈ ဦးကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ဘေးလွတ်ရာသို့ ပို့ဆောင်ကာ ဘေးကင်းလုံခြုံစွာ ထိန်းသိမ်းထားကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က နိုဝင်ဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required