လွိုင်ကော်မှ တောင်ကြီးသို့ စစ်ရှောင်ကြသူများ တည်းခိုနေထိုင်ခွင့်မရ၍ လှည့်ပြန်ကြရ

By ရွှေနွယ်(မဇ္ဈိမ)
17 November 2023
လွိုင်ကော်မှ တောင်ကြီးသို့ စစ်ရှောင်ကြသူများ တည်းခိုနေထိုင်ခွင့်မရ၍ လှည့်ပြန်ကြရ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်က မြို့ပေါ်သို့ လေကြောင်းဖြင့် အဆက်မပြတ်တိုက်ခိုက်နေမှုများကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်သို့ စစ်ဘေးတိမ်းရှောင်ကြသူများသည် တောင်ကြီးဒေသခံများက တည်းခိုနေထိုင်ခွင့်မပြု၊ လက်မခံသောကြောင့် လှည့်ပြန်နေကြရကြောင်း စစ်ရှောင်များမှ မဇ္ဈိမကိုပြောသည်။

ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်နေ့နှင့် ယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့တို့တွင် လွိုင်ကော်မြို့မှစစ်ဘေးရှောင်များသည် တောင်ကြီးခရိုင် တောင်ကြီးမြို့၊ အေးသာယာမြို့၊ ညောင်ရွှေမြို့နှင့် ပင်းတယဘက်သို့ စစ်ဘေးတိမ်းရှောင်ရန် ထွက်ခွာခဲ့ကြသော်လည်း အဆိုပါမြို့များမှ တည်းခိုခန်းများ၊ အိမ်ငှားပိုင်ရှင်များနှင့် ဆွေမျိုးတော်စပ်သူများသည် လက်မခံခဲ့ကြခြင်းဖြစ်ကြောင်း စစ်ရှောင်များက ပြောသည်။

"ညောင်ရွှေဘက်ထွက်လာတာအများကြီး၊ လက်မခံဖို့ ပြောထားတယ်တဲ့။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အသိပေးထားတာတဲ့။ လူသစ်တွေကို ဧည့်စာရင်းမလုပ်ပေးဖို့” ဟု လွိုင်ကော်မြို့မှ စစ်ဘေးရှောင်တဦးကပြောသည်။

မဇ္ဈိမမှ တောင်ကြီးဒေသခံအချို့သို့ အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရာတွင် ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်နေ့က ဌာနဆိုင်ရာအဖွဲ့အစည်းအချို့မှ  တည်းခိုခန်း၊ ဧည့်ရိပ်သာနှင့် ဟိုတယ်ပိုင်ရှင်များအား အစည်းအဝေးခေါ်ယူကာ စာထုတ်မှာကြားထားခြင်းဖြစ်ကြောင်း သိရှိရသည်။

"အစည်းဝေးလုပ်တယ်၊ လာတည်းတဲ့လူအကုန်လုံးကို တကိုယ်လုံးပုံအတိအကျရိုက်တယ်။ လာတဲ့နေရာ သွားမယ့်နေရာ ဖုန်းနံပတ်တွေ၊ အဲ့လိုမျိုးပေါ့။ A4 စာရွက်တဲ့ အကုန်လုံးလူပုံစံရောဘာရော အဲ့လိုမျိုးလုပ်ပေးရမယ်။ မနေ့ကမှ စာစထုတ်တယ်၊ ဧည့်စာရင်း သန်းခေါင်စာရင်းဆို အဖွဲ့အစည်း ခုနစ်ခုလောက်ကို တင်ပြရ ပို့ပေးရတာတော့ အရင်ကတည်းက” ဟု တောင်ကြီးမြို့ရှိ တည်းခိုခန်းပိုင်ရှင်တဦးမှ မဇ္ဈိမကိုပြောသည်။

တောင်ကြီးသို့ စစ်ရှောင်ရန်သွားကြသော လွိုင်ကော်ဒေသခံများသည် နေထိုင်တည်းခိုခွင့် မရရှိသဖြင့် ပင်းတယဘုန်းကြီးကျောင်းအချို့တွင်နေထိုင်နေကြသူများ၊ တီဂျစ်အင်းဘက်သို့ သွားရောက်နေထိုင်ကြသူများရှိသကဲ့သို့ ယနေ့ နံနက်တွင် လွိုင်ကော်သို့ ပြန်လှည့်လာကြသူ များကြောင်းလည်း စစ်ရှောင်တဦးမှပြောသည်။

"လူလူချင်း လက်မခံတာကို အသည်းပါ နာတယ်။ လွိုင်ကော်ကို စစ်တပ်ကပိတ်ထားလို့ ပြေးစရာက ရှမ်းပြည်ဘက်ပဲရှိတာပါ၊ အဲ့တာကိုလုပ်ရက်ကြတာပါ။ တချို့ ဇရပ်မှာအိပ်နေကြရတယ်” ဟု လွိုင်ကော်ဒေသခံမှပြောသည်။

လွိုင်ကော်မြို့ပေါ်တွင် ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်နေ့ ညက တညလုံးနီးပါး စစ်ကောင်စီမှ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်းလည်း ဒေသခံ၏ ပြောဆိုချက်အရသိရှိရသည်။

"အခုလိုလှည့်ပြန်လာရတာတွေလည်းအများကြီးပါ။ ထွက်တော့ ရှောင်တော့ဆိုတာက အလွယ်လေး။ အခုလိုမျက်နှာငယ် ဘယ်သူမှလက်မခံတာထက်စာရင် ကိုယ့်အိမ်မှာကျောတပြင်စာ​က ပိုသာပါသေးတယ်။ အများကြီးမမျှော်လင့်ပါဘူး ရှင်သန်ချင်တာ တခုထဲပါ” ဟု လွိုင်ကော်ဒေသခံ တဦးမှလည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် မျှဝေထားသည်။

ကရင်နီပြည်နယ် လွိုင်ကော်မြို့ပေါ်တွင် နိုဝင်ဘာ ၁၁ ရက်နေ့မှစတင်ကာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်( KNDF )နှင့် စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲများပြင်းထန်နေခြင်းဖြစ်သည်။

လွိုင်ကော်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားရာ လွိုင်ကော်တက္ကသိုလ်အား KNDF မှဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၁၀ ကျော်သေဆုံးကာ စစ်သုံ့ပန်း ၃၈ ဦးကို ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် နိုဝင်ဘာ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်သား ၃၂ ဦးမှာ KNDF ထံလက်နက်ချအညံ့ခံခဲ့သည်။

ယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ထိ လွိုင်ကော်မြို့ပေါ်တွင် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများဖြင့် အပြင်းအထန်ခုခံနေဆဲဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required