စစ်ကောင်စီတပ်သားများအထိုင်ချထားသည့် ရေနံမှော်စခန်း တိုက်ခိုက်ခံရကာ ၂ ဦးသေဆုံး

By MTO(မဇ္ဈိမ)
21 October 2023
စစ်ကောင်စီတပ်သားများအထိုင်ချထားသည့် ရေနံမှော်စခန်း တိုက်ခိုက်ခံရကာ ၂ ဦးသေဆုံး
ပုံအညွှန်း -People Defense Force – Salin ၏ တပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်။(ဓါတ်ပုံ - People Defense Force – Salin)

မကွေးတိုင်း၊ စလင်းမြို့နယ်၊  ငွေလှိုင်တွင်းရွာ ရေနံမှော်တွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်စခန်းကို အောက်တိုဘာလ ၁၈ ရက် နံနက်ပိုင်းတွင်သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး ခုနစ်ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း People Defense Force-Salin အဖွဲ့ထံက သိရသည်။

“စစ်ဆင်ရေးကတော့ ပြောက်ကျားစစ်ဆင်ရေးပါ။ စနိုက်ပါသီးသန့်ပါ။သေဆုံးဒဏ်ရာရ ကတော့ မျက်မြင်ပါ။ တိုက်ခိုက်မှုကတော့ အားရကျေနပ်မှု ရှိပါတယ်” ဟု People Defense Force-Salin အဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ တပ်စခန်းတွင် အင်အား ၆၀ နီးပါးရှိပြီး သွားရောက်ပစ်ခတ်တိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများစုမှာ ထွက်ပြေးသွားကြပြီး နှစ်ဦးသေဆုံးသွားကာ ခုနစ်ဦး ပြင်းထန်းဒဏ်ရာရရှိသွားကြောင်း People Defense Force-Salin အဖွဲ့ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သည့် ရေနံမှော်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ ဝင်များသည် အနီးအနားရှိ ပြည်သူများကို မကြာခဏ ဖမ်းဆီးခြင်း၊ ဓားစာခံအဖြစ်ခေါ်ဆောင်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း People Defense Force-Salin အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

တိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အင်အား အများအပြားဖြင့် အနီးအနားရှိ ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးနေကြောင်း People Defense Force-Salin အဖွဲ့ ၏ တာဝန်ရှိသူက ဆိုသည်။

“ဒီမနက် ကျွဲဦးရွာကို စစ်ကြောင်းထိုးပြီး တော်လှန်ရေးရဲဘော်တွေမရှိတဲ့ ဒေသခံတွေရဲ့နေအိမ်တွေကို ရမ်းသန်းပစ်နေတယ်လို့ သတင်းရရှိပါတယ်” ဟု ယနေ့အောက်တိုဘာလ ၂၁ ရက် နံနက်ပိုင်းတွင် ၎င်းကပြောသည်။

စလင်းမြို့နယ်အတွင်း စစ်ကောင်စီ၏ အခြေစိုက် စခန်း အများအပြားရှိနေပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့ များ ဘက်ကလည်း သွားရောက်တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေခြင်းဖြစ်သည်။

စာတည်း ။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly