၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲ ပူးတွဲအိမ်ရှင်လျှောက်ရန်အတွက် အင်ဒိုနီးရှားတို့ သြစတြေးလျနှင့် ဆွေးနွေးနေဟု FA အကြီးအကဲ ပြော

၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲ ပူးတွဲအိမ်ရှင်လျှောက်ရန်အတွက် အင်ဒိုနီးရှားတို့ သြစတြေးလျနှင့် ဆွေးနွေးနေဟု FA အကြီးအကဲ ပြော
Photo: EPA

ဆော်ဒီအာရေဗီးယားရဲ့ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်ဖြစ်ခွင့်လျှောက်ထားမှုအတွက် ထောက်ခံကြောင်း အာရှဘောလုံးအဖွဲ့ချုပ်က ကြေညာထားပေမယ့်လည်း အင်ဒိုနီးရှားဟာ ၎င်းပြိုင်ပွဲအတွက် ဖြစ်နိုင်ချေရှိတဲ့ ပူးတွဲကမ်းလှမ်းမှုတရပ်အတွက် သြစတြေးလျနဲ့ ဆွေးနွေးနေတယ်လို့ ၎င်းရဲ့ ဘောလုံးအဖွဲ့ချုပ်အကြီးအကဲက ပြောပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ဟာ ၂၀၃၀ အတွက် မော်ရိုကို၊ စပိန်နဲ့ ပေါ်တူဂီတို့ကို ပူးတွဲအိမ်ရှင်အဖြစ် ပေးအပ်ပြီးနောက် ကမ္ဘာ့ဖလား အလှည့်ကျ လက်ခံကျင်းပခွင့်အတွက် အာရှနဲ့ အိုရှန်းနီးယား ဒေသတွေမှ လျှောက်ထားမှုတွေကို ဖိတ်ခေါ်လိုက်ပါတယ်။

ရီယာ့ဒ်ရဲ့ လျှောက်ထားမှုဟာ နိုင်ငံကို ကမ္ဘာ့အားကစားအင်အားကြီးနိုင်ငံအဖြစ် ပြောင်းလဲဖို့ လှုံ့ဆော်မှုတခုရဲ့ နောက်ဆုံးခြေလှမ်းဖြစ်ပေမယ့်လည်း အစိုးရဝန်ကြီးလည်းတဖြစ် အင်တာမီလန်အသင်းပိုင်ရှင်ဟောင်းလည်းဖြစ်တဲ့ အဲရစ် သော်ဟိုင်းက ဂျကာတာနဲ့ ကင်ဘာရာတို့က ၎င်းတို့ရဲ့ လျှောက်ထားမှုကို ကြိုတင်ပြင်ဆင်နိုင်ဖွယ်ရှိကြာင်း ပြောပါတယ်။

သူဟာ မတ်လက ရဝမ်ဒါရှိ FIFA ကွန်ဂရက်မှာ သူ့ရဲ့ တွဲဘက် သြစတြေးလျနဲ့အတူ ဒီကိစ္စကို ထုတ်ဖော်ပြောဆိုခဲ့ပြီး အဲဒီနောက်ပိုင်း ဆက်လက် ဆွေးနွေးနေခဲ့ကြကြောင်း သူက အင်္ဂါနေ့မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

"အဲဒီတုန်းက 'အတူတူ လုပ်ကြစို့'လို့ သြစတြေးလျက ပြောတယ်၊ 'အိုကေ ကျနော်တို့က အဆင်သင့်ပါပဲ'လို့ ကျနော် ပြန်ဖြေခဲ့တယ်၊ ဆွေးနွေးဖို့က နိုင်ငံတစ်ခုစီရဲ့ အစိုးရအပေါ်မှာ မူတည်တယ်"လို့ သူက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဖီဖာရဲ့ ကမ်းလှမ်းမှု နောက်ဆုံးရက်ဖြစ်တဲ့ အောက်တိုဘာ ၃၁ ရက်အတွက် ဆွေးနွေးမှုတွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်း သော်ဟိုင်းက ပြောပါတယ်။

အပြုသဘောဖြင့် တုံ့ပြန်ပြောဆိုခဲ့တဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့အတူ သူဟာ ဒီအလားအလာကို မြှင့်တင်လိုက်ခဲ့ကြောင်းလည်း သော်ဟိုင်းက ပြောပါတယ်။

“သြစတြေးလျဘက်က 'ဒါကို အလေးအနက်ထား လုပ်ရကြရအောင်'လို့ ထပ်ပြီး တောင်းဆိုခဲ့တယ်”လို့ သူက ဆိုပါတယ်။

ဩစတြေးလျဘောလုံးအဖွဲ့ချုပ်က ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် ကျင်းပခွင့်ကို ရှာဖွေနေကြောင်း ပြောပေမယ့် အင်ဒိုနီးရှားနဲ့အတူ ပူးတွဲလျှောက်ထားမှုကို ဖော်ပြထားခြင်း မရှိပါဘူး။

ဒါပေမယ့်လည်း သြစတြေးလျဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေက သူတို့ဟာ အင်ဒိုနီးရှားနဲ့အတူ ပူးတွဲလျှောက်ထားနိုင်ခြေကို စုံစမ်းနေကြောင်းလည်း ဇွန်လအတွင်းက ပြောပါတယ်။

ပူးတွဲလျှောက်ထားခွင့်မှာ နယူးဇီလန်နဲ့အတူ အင်ဒိုနီးရှားနဲ့ သြစတြေးလျ ဒါမှမဟုတ် မလေးရှားနဲ့ စင်ကာပူတို့နဲ့အတူ အင်ဒိုနီးရှားနဲ့ သြစတြေးလျတို့ ပါဝင်ခဲ့ကြကြောင်း ဟော်ဟိုင်းက ပြောပါတယ်။

"လျှောက်ထားမှု လုပ်ငန်းစဉ်ဟာ ရက်သတ္တပတ်အနည်းငယ်သာရှိတော့တာကြောင့် ကျနော်တို့တွေ ဒီရွေးချယ်ခွင့်တွေကို ဖွင့်ထားဆဲဖြစ်တယ်"လို့ သူက ပြောပါတယ်။

ဒါပေမယ့်လည်း အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့နှစ်အတွင်း အငြင်းပွားမှုတွေနဲ့ ကြုံခဲ့ရပါတယ်။

လွန်ခဲ့တဲ့ တနှစ်က ဂျာဗားရှိ အားကစားကွင်းတခုမှာ လူအုပ်ပြိုမှုတခုကြောင့် လူ ၁၃၅ ဦး သေဆုံးခဲ့ပြီး အစ္စရေးရဲ့ ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်လို့ မွတ်ဆလင်အများစုနေထိုင်တဲ့ နိုင်ငံမှာ ဆန္ဒပြမှုတွေအပြီးမှာ အင်ဒိုနီးရှားဟာ U-20 ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ဆုံးရှုံးခဲ့ရပါတယ်။

အာရှဘောလုံးအဖွဲ့ချုပ် (AFC) ဟာ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဆော်ဒီရဲ့ လျှောက်ထားမှုကို ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာခဲ့ပြီးနောက် မကြာခင်မှာပဲ သူတို့ဟာ ဒါကို နောက်ကွယ်မှ ထောက်ခံအားပေးခဲ့ပါတယ်။

"အာရှဘောလုံးမိသားစုတခုလုံးဟာ ဆော်ဒီအာရေးဗီးယားနိုင်ငံရဲ့ အရေးကြီးတဲ့ အစပျိုးလုပ်ဆောင်မှုကို ထောက်ခံအားပေးဖို့ စည်းလုံးစွာ ရပ်တည်သွားမယ်"လို့ ဘာရိန်းမှ AFC ဥက္ကဋ္ဌ ရှိတ်ခ်ဆယ်လ်မန် ဘင်အီဗရာဟင် အယ်ခါလီဖာက ပြောပါတယ်။

(AFP)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required