ကြီးမားသည့် ကွာခြားမှု- မြန်မာ့အကျပ်အတည်းကို မည်သို့ ဖြေရှင်းမည် ဆိုသည်နှင့်ပတ်သက်သည့် မသေချာ မရေရာမှု

ကြီးမားသည့် ကွာခြားမှု- မြန်မာ့အကျပ်အတည်းကို မည်သို့ ဖြေရှင်းမည် ဆိုသည်နှင့်ပတ်သက်သည့် မသေချာ မရေရာမှု
ဓာတ်ပုံ- ပုံဟောင်း

မြန်မာ၏ အသက်ဝိညာဉ်အတွက် တိုက်ပွဲအတွင်းရှိ နှစ်ဖက်အကြားတွင် အကျယ်ကြီးဟနေသည့် ခြားနားကွာဟမှုတခု ရှိနေသည် ဆိုသည်က စိတ်မသက်မသာ ဖြစ်စေသော အမှန်တရား ဖြစ်သည်။

အောက်တိုဘာ ၁၂ ရက်တွင် ယူရို-ဘားမား ရုံးက ထုတ်ပြန်သော “မြန်မာ့ အကျပ်အတည်းကို ဖြေရှင်းခြင်း” ဆိုသည့် အစီရင်ခံစာတစောင်တွင် ယင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ ထိုအစီရင်ခံစာတွင် နိုင်ငံ၏ သက်ဆိုင်ပတ်သက်သူ အသီးသီး၏ ရပ်တည်ချက်များနှင့်ပတ်သက်သည့် ထိုးထွင်းအမြင်များကို ဖော်ပြသလို နိုင်ငံတွင် ငြိမ်းချမ်းရေးဆီသို့ ဦးတည်ရာ လမ်းကြောင်းကို သွားလိုသူများ ရင်ဆိုင်ကြရသည့် အခက်အခဲများကိုလည်း အကြမ်းဖျင်း ဖော်ပြသည်။

ဆိုးဝါးသည့် လုပ်ဆောင်ချက်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာစစ်တပ်အနေဖြင့် ၂၀၂၁ ခုနှစ် ၊ ဖေဖေါ်ဝါရီ ၁ ရက်က အာဏာသိမ်းခဲ့ချိန်တွင် မဟာဗျူဟာ တွက်ကိန်းမှားခဲ့သည်ဆိုသည်က သိသာရှင်းလင်းနေကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။ ၂၀၁၁ ခုနှစ်က စတင်ခဲ့သော ဒီမိုကရေစီ ကျင့်သုံးမှု လုပ်ငန်းစဉ်ကို မြန်မာစစ်တပ်၏ ထိန်းချုပ်နိုင်စွမ်း မရှိမှုအပေါ် စိုးရိမ်ပူပန်ခဲ့ခြင်းနှင့်အတူ လုပ်ငန်းစဉ်ကို ပြန်လည် စံကိုက်ချိန်ညှိရန် စစ်ဗိုလ်ချုပ်ကြီးများက ဆုံးဖြတ်ခဲ့ကြသည်။ ၎င်းတို့အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခြယ်လှယ်ခြင်း၊ စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းခြင်း၊ စည်းမျဉ်းတချို့ ပြောင်းလဲခြင်း၊ တနှစ်အတွင်း ရွေးကောက်ပွဲအသစ်များ ကျင်းပခြင်းနှင့် အမိန့်ညွှန်ကြားချက်များ ပြန်လည် ဖော်ထုတ်ခြင်းတို့မျှဖြင့် ပြီးမြောက်သွားနိုင်မည်ဟု စစ်ဗိုလ်ချုပ်များက ထင်မြင်ယူဆခဲ့ကြသည်။

သို့သော် အထင်နှင့်အမြင် တက်တက်စင် လွဲသွားရင်းဆိုသလို အတိုင်းသား ကွာခြားခဲ့သည့် အမှန်တရားက စစ်ဗိုလ်ချုပ်ကြီးများအတွက် အခြေအနေဆိုးတခု မကြာမီ လွန်မြောက်မည်ဟု ထင်မြင်ရရုံမျှနှင့်အတူ အာဏာသိမ်းစစ်အုပ်စု၏ အစီအစဉ်က သုံးနှစ်နီးပါးကြာ နှောင့်နှေးကြန့်ကြာသွားခဲ့ရခြင်းပင် ဖြစ်သည်။

အာဏာမသိမ်းမီ ပြီးခဲ့သည့် ၁၀ နှစ်တာအတွင်း နိုင်ငံတွင် ဒီမိုကရေစီက မည်သည့်အတိုင်းအတာအထိ သက်ရောက်မှု ရှိခဲ့သည် ဆိုသည်ကို ၂၀၂၁ ဖေဖေါ်ဝါရီ မနက်ခင်းတွင် အာဏာသိမ်းခဲ့သည့် မင်းအောင်လှိုင်နှင့် အပေါင်းပါ ဗိုလ်ချုပ်များ နားလည် သဘောပေါက်မိခဲ့ခြင်း မရှိပေ။ ဈေးသက်သာသော ဆင်းမ်ကတ်များနှင့် အင်တာနက်လိုင်းတို့နှင့်အတူ လူတဦးတယောက်တိုင်း၏ အမြင်များကို လွတ်လပ်စွာ ထုတ်ဖော်နိုင်မှုနှင့် သတင်းအချက်အလက် ရယူနိုင်မှုတို့က မြန်မာ့ လူ့အဖွဲ့အစည်းကို လုံးလုံးလျားလျားနီးပါး ပြောင်းလဲစေခဲ့ခြင်း ဖြစ်သည်။

ဗဟုသုတနည်းပါးပြီး ခယဝပ်တွားသော လူ့အဖွဲ့အစည်းတခုအစား လူငယ်ထုသည် ပိုမို၍ အသိအမြင် များပြီး ပိုမို၍ ယုံကြည်မှု မြင့်မားခဲ့ကြသည်။ စစ်တပ်၏ နိုင်ငံရေး လှုပ်ရှားမှုများက ယခင်အတိတ်ကာလကဲ့သို့ ဆင်ခြေ အကြောင်းပြချက်‌ ပေး၍ မရနိုင်တော့ပေ။ သူတော်ကောင်း ဟန်ဆောင်ခြင်းကို မျိုးဆက်သစ်လူငယ်များက မဆိုင်းမတွ ထိုးဖောက် သိမြင်ခဲ့ကြပြီး မင်းအောင်လှိုင်၏ အုပ်ချုပ်မှု တရားဝင်ဖြစ်စေရေး ကြိုးပမ်းမှုများကို ခုခံဆန့်ကျင်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲ အပြတ်အသတ်အနိုင်ရခြင်းက သတိပေးလက္ခဏာတခုကို ဖော်ထုတ်ခဲ့သင့်သည်။

ယခင်လို မဟုတ်တော့
စစ်တပ်ဘက်က အတိုက်အခံ ဆန့်ကျင်သူများအပေါ် ကြမ်းကြမ်းတမ်းတမ်း နှိမ်နင်းလိုက်ပါက ၁၉၈၀ နှင့် ၁၉၉၀ ပြည့်နှစ်များက ယခင် လူထုအုံကြွမှုများတုန်းကကဲ့သို့ပင် ယခုတကြိမ်တွင်လည်းအတိုက်အခံများကို ပြိုလဲအောင် လုပ်နိုင်မည် ဆိုပြီး ထင်မြင်ယူဆခြင်းက မင်းအောင်လှိုင်၏ ဒုတိယမြောက် အမှားဖြစ်သည်။ ၂၀၂၁ တွင် ပြည်သူတို့၏ လမ်းပေါ်ထွက် ဆန္ဒပြမှုများအပေါ် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အုပ်စုဘက်က လူမဆန် ရက်စက်စွာ၊ ရိုင်းစိုင်း ကြမ်းကြုတ်စွာ ဖိနှိပ်ခြင်းက လူအများ၏ တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ပြိုလဲသွားမည့် အစား အတိုက်အခံတို့သည် တင်းမာ၊ ပြင်းထန်သည့် တုံ့ပြန်မှုဖြင့် တုံ့ပြန်ခဲ့ကြသည်။

နှစ်ဖက်အကြား အဆိုပါ အကျယ်ကြီးဟနေသည့် ကွာဟခြားနားမှုက ကြီးလေးသော ပြဿနာတခုကို ဖြစ်စေသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) ဆိုသည့် အသွင်အောက်ရှိ မြန်မာစစ်တပ်ရော၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် အခြားအဖွဲ့များ၏ သင်္ကေတဖြစ်သည့် ဒီမိုကရေစီ တော်လှန်ရေး အင်အားစုများရောသည် လောလောဆယ်တွင် တဖက်ဖက်ကို စစ်ရေးအရ ပြတ်ပြတ်သားသား ချေမှုန်းနိုင်စွမ်း ရှိမနေပေ။

ဆိုလိုသည်က အရပ်သားများ၊ တိုက်ခိုက်ရေးသမားများ မဟုတ်သူများအပေါ် ပစ်မှတ်ထားပြီး စစ်ကောင်စီ (SAC) က အကြမ်းဖက်မှုများ အရှိန်မြှင့် ကျူးလွန်ခြင်းနှင့် ပြည်တွင်းစစ်အတွင်း လူမဆန် ရက်စက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုတို့ တိုးမြှင့်လုပ်ဆောင်ခြင်းက နိုင်ငံကို နဂိုအတိုင်း ပြန်မဖြစ်နိုင်စေအောင်အထိ ကွဲသွားစေလိမ့်မည် ဖြစ်သည်။ ယင်းက အချိန်ရှည်ကြာသည့် မတိုးသာ မဆုတ်သာ အခြေအနေတခု၊ အရှိန်မြှင့်တက်နေသည့် ပဋိပက္ခတခုနှင့် ဖြစ်နိုင်ခြေအားဖြင့် အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေပြီး ဒေသကို မတည်မငြိမ်ဖြစ်စေနိုင်သည့် စီးပွားရေး ပြိုလဲမှုတို့ ဖြစ်နိုင်ဖွယ်ရာ ရှိသည်။

မည်သို့ဆိုစေ၊ များပြားပြီး မတူကွဲပြားသည့် ပြည်တွင်း သက်ဆိုင်ပတ်သက်သူများအကြား (ဖြစ်နိုင်ခြေအားဖြင့် စစ်တပ်ကို ချန်လှပ်ထားလျက်ဖြင့်) ဆန္ဒရှိပါက တန်းတူညီမျှမှုများအကြား သိက္ခာရှိပြီး ရိုးသားသော ဆွေးနွေးမှုတခုမှတဆင့် အခြေခံတူညီမှုကို ရှာတွေ့နိုင်ဆဲဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။ ဒေသတွင်းနှင့် နိုင်ငံတကာ အင်အားကြီးနိုင်ငံများအနေဖြင့် အဖွဲ့တခုသို့မဟုတ် အခြား အဖွဲ့တခုကို ထောက်ခံခြင်းအားဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွား အခြေခံသော ဖြေရှင်းနည်းလမ်းများ ချမှတ်ရန် ကြိုးပမ်းခြင်း မပြုဘဲ ပြည်တွင်းရှိ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံအားပေးမည် ဆိုပါက သာတူညီမျှ ဖြစ်သော နိုင်ငံရေး ဖြေရှင်းနည်းလမ်းတခုကို ရှာတွေ့ကောင်းတွေ့နိုင်သည်။

ကြည့်ရသည်က ပဋိပက္ခအတွင်းရှိ အကြီးဆုံးနှင့် အင်အားအကြီးဆုံး လက်နက်ကိုင် အုပ်စုဖြစ်သည့် စစ်တပ်က ညှိနှိုင်းဆွေးနွေးမည့် အစီအစဉ် ရှိပုံမပေါ်ပေ။ ၎င်းတို့အနေဖြင့် အာဏာကို ဖြစ်သည့်နည်းနှင့် ဖက်တွဲထားရန် စိတ်ပိုင်းဖြတ်ထားပုံရသည်။

ဖြေရှင်းနည်းလမ်းတခု ရှာခြင်း
ယခုလောလောဆယ်တွင် သိသာရှင်းလင်းသည်က စစ်အုပ်စုသည် အာဏာကို အသည်းအသန် ဖက်တွယ်ထားရင်း ၎င်းတို့၏ အုပ်ချုပ်မှုတွင် ဒီမိုကရေစီ အပြင်ပန်းသဏ္ဍာန် ရှိစေရန် အလို့ငှာ ဖြစ်နိုင်ဖွယ်ရာအားဖြင့် လာမည့်နှစ်နှစ်အတွင်း ရွေးကောက်ပွဲတရပ် ကျင်းပခြင်း အပါအဝင် လုပ်ဆောင်ချက်များ လုပ်ဆောင်ရန် ကြိုးပမ်းရင်း ၎င်းတို့ကိုယ်ကိုယ် အကာအကွယ်ယူရန် လုပ်ဆောင်နေခြင်းပင် ဖြစ်သည်။

သို့သော် အစီရင်ခံစာတွင် ထောက်ပြထားသကဲ့သို့ပင် စစ်တပ် ရေးဆွဲသည့် ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို ထိန်းသိမ်းခြင်း အပါအဝင် စစ်အုပ်စု လုပ်ဆောင်ထားသည့် လုပ်ဆောင်ချက်များက မြန်မာပြည်သူလူထုကို သိမ်းသွင်းစည်းရုံးနိုင်လိမ့်မည် မဟုတ် ဆိုသည်ပင် ဖြစ်သည်။ ထို့ပြင် ဝေဖန်သူများ ရည်ညွှန်းသုံးနှုန်းသည့် “အတုအယောင်” ရွေးကောက်ပွဲ၏ ရလဒ်များကိုလည်း လက်ခံလိမ့်မည် မဟုတ်ပေ။ NUG မှ စပြီး တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (ယင်းတွင် မကြာသေးခင်က စစ်ကောင်စီ ကျင်းပသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) (လေးစားလိုက်နာခြင်း မရှိ၍ သုံးမရသည့် စာချုပ်) ရှစ်နှစ်ပြည့်အခမ်းအနား တက်ခဲ့သည့် ခြံစည်းရိုးနှစ်ဖက်ခွထိုင်နေသော သို့မဟုတ် စစ်အုပ်စုနှင့် မဟာမိတ်ပြုထားသော အဖွဲ့တချို့အပါအဝင်) အထိ သက်ဆိုင်သူအသီးသီးက အဆိုပြုသည့် လိုသည်ထက်ပိုသော အမြင်များလည်း ရှိနေကြောင်း အစီရင်ခံစာတွင် ထောက်ပြသည်။

ဘုံသဘောတူညီချက် ငါးချက်နှင့်အတူ လက်ရှိအချိန်အထိ စိတ်ပျက်ဖွယ်ရာကောင်းလောက်အောင် မအောင်မမြင် ဖြစ်နေသည့် အာဆီယံ၏ ပါဝင်မှုနှင့် နိုင်ငံတကာ၊ ယုတ်စွအဆုံး ကုလသမဂ္ဂ၏ ကြားဝင်မှုကို ရှာဖွေရန် တောင်းဆိုမှု အပါအဝင် ညှိနှိုင်းဆွေးနွေးမှုများနှင့် ဖြစ်နိုင်ဖွယ်ရာ ငြိမ်းချမ်းရေးအတွက် ရွေးချယ်စရာ နည်းလမ်းများကို တင်ပြရန် အစီရင်ခံစာက ကြိုးပမ်းထားသည်။

ဆွေးနွေးမှုတရပ်အတွက် လမ်းပြမြေပုံ
အာဆီယံ ဖြေရှင်းနည်းလမ်းတခု သို့မဟုတ် အခြားသော သဘောတူထားသည့် မည်သည့် ဖြေရှင်းနည်းလမ်းဖြစ်စေကာမူ အတိုက်အခံ အများစု မျှော်မှန်းသော လမ်းပြမြေပုံက စစ်အုပ်စု၏ လမ်းပြမြေပုံနှင့် အကြီးအကျယ် ကွာခြားနေသည်။ နှစ်ဖက်စလုံးသည် အလွန်အလှမ်းကွာဟသည်။

စစ်ကောင်စီဘက်ကို ကြည့်ပါ။ စစ်ကောင်စီ (စစ်အုပ်စု) က အတိုက်အခံတို့ကို ဖိနှိပ် နှိမ်နင်းချင်နေသည်။ စစ်အုပ်စုက ပျော့ပြောင်းသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ စသည့် ရွေးချယ်ထားသော သက်ဆိုင်ပတ်သက်သူများနှင့် ငြိမ်းချမ်းရေး ညီလာခံတခု ကျင်းပချင်နေသည်။ စစ်အုပ်စုက ငြိမ်းချမ်းရေး ညီလာခံမှတဆင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် SAC အဆိုပြုသည့် ပြင်ဆင်မှုများကို အတည်ပြုစေချင်သည်။ စစ်အုပ်စုက အီလက်ထရောနစ် စနစ်ဖြင့် သို့မဟုတ် ပါဝင်သည့် မြို့နယ် ၅၀ ရာခိုင်နှုန်းမျှဖြင့်နှင့်အတူ ရွေးကောက်ပွဲ ကျင်းပချင်နေသည်။ စစ်အုပ်စုက ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရန် (မြန်မာ့နိုင်ငံရေးတွင် စစ်တပ်၏ အခန်း ကဏ္ဍကို အကန့်အသတ်မရှိ ထိန်းထားရင်း) ရွေးကောက်ခံ အစိုးရသစ်တရပ်ကို တင်မြှောက်ချင်နေသည်။ စစ်အုပ်စုက အစိုးရသစ်မှတဆင့် နိုင်ငံတွင် စစ်တပ်အုပ်ချုပ်မှုကို ဆက်ရှိစေချင်နေသည်။

အခြားတဖက်တွင် အတိုက်အခံများ သို့မဟုတ် တော်လှန်ရေး အင်အားစုများက အထူးသဖြင့် အရပ်သား ပစ်မှတ်များအပေါ် စစ်အုပ်စုဘက်က တိုက်ခိုက်ခြင်း အပါအဝင် စစ်အုပ်စု၏ အကြမ်းဖက်မှု လုပ်ရပ် အားလုံးကို ရပ်တန့်စေရန် ဆန္ဒရှိသည်။ ပြည်တွင်းနှင့် နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီ ပေးရေးအဖွဲ့များကို ဝင်ခွင့် သွားလာခွင့် ရစေချင်သည်။ နိုင်ငံတကာက ပံ့ပိုးသည့်၊ ကြီးကြပ်သည့်၊ ပူးတွဲအကောင်အထည်ဖော်သည့် (၁၉၉၄ မှ ၂၀၁၀ အထိ၊ စစ်တပ်၊ ဒီမိုကရေစီ လှုပ်ရှားမှုနှင့် တိုင်းရင်းသား အစုအဖွဲ့များအကြား ဆွေးနွေးညှိနှိုင်းရန် ကုလ အထွေထွေညီလာခံက တောင်းဆိုခဲ့သည်) အားလုံးပါဝင်သော၊ တန်းတူညီမျှရှိသော ဆွေးနွေးမှု လုပ်ငန်းစဉ်ကို စတင်ရန် ဆန္ဒရှိသည်။ 
နိုင်ငံတကာ အသိုင်းအဝိုင်းက ထောက်ကူသည့် ယုံကြည်စိတ်ချရသည့် အသွင်ကူးပြောင်းချိန်ကာလ တရားစီရင်မှု လုပ်ငန်းစဉ်တခုကို စတင်ရန် ဆန္ဒရှိသည်။ နိုင်ငံတကာက ပံ့ပိုး ကြီးကြပ်သည့် အသွင်ကူးပြောင်းချိန်ကာလ ပူးတွဲ အာဏာပိုင်အဖွဲ့တခုကို ဖွဲ့စည်းရန် ဆန္ဒရှိသည်။ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတခုနှင့် ရွေးကောက်ပွဲစနစ်သစ် တခုအတွက် (နိုင်ငံရေးမှ စစ်တပ် ထွက်ခွာရန် သဘောတူရမည်ဖြစ်ပြီး အကောင်အထည်ဖော်ရလိမ့်မည်ဖြစ်သည်) ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တခုကို ရေးဆွဲရန် ဆန္ဒရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အောက်တွင် ရွေးကောက်ပွဲများ ကျင်းပလိုသည်။ နောက်ဆုံးအနေဖြင့် အလေးထားပြောရလျင် ဖက်ဒရယ်၊ ဒီမိုကရေစီ နိုင်ငံတခုကို ထူထောင်ရန် ဆန္ဒရှိသည်။

ထို လမ်းပြမြေပုံနှစ်ခုကို မည်သို့ စေ့စပ်ညှိနှိုင်းနိုင်မည်လဲ ဆိုသည်က စိန်ခေါ်မှု ဖြစ်နေသည်။ နိုင်ငံသည် အလှည့်အပြောင်းကာလတခုတွင် ရှိနေသည်။ မြန်မာစစ်တပ်က နိုင်ငံကို ဆက်လက် ဖျက်ဆီးနေမည် ဆိုပါက အတိုက်အခံတို့အနေဖြင့် အခြားရွေးချယ်စရာ ရှိမည် မဟုတ်ဘဲ အင်အားဖြင့် ၎င်းတို့ကို တားဆီးရပ်တန့်လိမ့်မည်ပင် ဖြစ်သည်။ သို့မဟုတ်ပါက စစ်တပ်အနေဖြင့် ရပ်တန့်ပြီး အကူးအပြောင်းတခုကို ညှိနှိုင်းနိုင်သည်။ မည်သို့ဆိုစေ မြန်မာစစ်တပ်၏ အကြွင်းမဲ့ အာဏာရယူမှု နေ့ရက်များက မကြာမီ ကုန်ဆုံးတော့မည် ဖြစ်သည်။

သို့သော် သေချာတာ တခုရှိသည်။ ယင်းက အတိုက်အခံတို့၏ လုပ်ဆောင်နိုင်စွမ်းက စစ်ကို နေပြည်တော်နှင့် နီးသထက် နီးစေရန်အတွက် ပူးပေါင်းဆောင်ရွက်၊ ချိတ်ဆက်ညှိနှိုင်းနိုင်စွမ်းရှိသည့် အနေအထားတခုသို့ ရောက်အောင် အားကောင်းမလာသရွေ့တော့ စစ်တပ်အနေဖြင့် ညှိနှိုင်းဆွေးနွေးလိမ့်မည် မဟုတ်ပေ။

“မြန်မာ အကျပ်အတည်းကို ဖြေရှင်းခြင်း” အစီရင်ခံစာက အသုံးဝင်သော ခြုံငုံသုံးသပ်ချက်တရပ်ကို ပေးသော်လည်း ဖြေရှင်းနည်းဆီသို့ ဦးတည်သည့် ရှင်းလင်းပေါ်လွင်သော လမ်းကြောင်း ရှိမနေခြင်းက မေးခွန်းထုတ်စရာမလိုသည့် အချက် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required