KNU တပ်မဟာ(၃)နယ်မြေမှ ရေဘေးသင့်ကျေးရွာများတွင် ကူးစက်ရောဂါအချို့ ခံစားနေရ

By YT(မဇ္ဈိမ)
15 October 2023
KNU တပ်မဟာ(၃)နယ်မြေမှ ရေဘေးသင့်ကျေးရွာများတွင် ကူးစက်ရောဂါအချို့ ခံစားနေရ
ပုံအညွှန်း- စပါးခင်း ရေနစ်မြုပ်မှုများအား တွေ့ရစဉ် (ဓါတ်ပုံ- KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်း မြို့နယ်မှ ရေဘေးသင့်ကျေးရွာအချို့တွင် ကူးစက်ရောဂါများဖြစ်သည့် မျက်စိနာရောဂါနှင့် ဝမ်းပျက်ရော ဂါများခံစားနေရကြောင်း KNU ဗဟို၏  အောက်တိုဘာလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာလ ၇ ရက်နေ့မှစ၍ မိုးရွာသွန်းမှုများကြောင့် စစ်တောင်းမြစ်ထဲသို့ စီးဝင်သည့် ကျောက်ကြီး ပေါက်ချောင်းရေတိုးလာကာ နေအိမ်များအတွင်းရေဝင်ရောက်လာသဖြင့် ကျေးရွာ ၁၀ ရွာမှ ဒေသခံများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရကြောင်း သိရသည်။

ရေဘေးသင့်ကျေးရွာ ၁၀ ရွာမှာ သပြေညွန့်၊ ကျောက်ကြီးပေါက်၊ မန်ကျီးတော၊ လေလံကုန်း၊ တောပု၊ ဇီးကုန်း၊ ကြက်တက်ညောင်ပင်၊ ဒိုက်ပုံ၊ ညောင်ပင်သာ၊ ငဘတ်အင်းစသည့် ကျေးရွာများဖြစ်ကြောင်း KNU က ဖော်ပြထားသည်။

“အဲဒီဘက်က ကျောက်ကြီးပေါက်ချောင်းရေကြီးရင် ရေတက်ပါတယ်။ သီးနှံစိုခင်းပျက်စီးတာတွေဖြစ် တယ်” ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် ရေကျနေပြီဖြစ်သော်လည်း အဆိုပါ ရေဘေးသင့်ကျေးရွာများမှ ဒေသခံများမှာ ရေကြီးမှု၏ နောက်ဆက်တွဲအဖြစ် မျက်စိနာရောဂါ၊ ဝမ်းပျက်ရောဂါများ ခံစားနေရကြောင်း ကရင်အရေးပေါ် ကူညီ ကယ်ဆယ်ရေးကော်မတီမှ သိရသည်။

“ရေဘေးသင့်တဲ့ဒေသတွေမှာ မျက်စိနာရောဂါဖြစ်နေတာတွေ့နေရတယ်။ တချို့ရွာတွေဆို အိမ်လုံးကျွတ် မျက်စိနာတာမျိုးတွေ့ရတယ်။ ခန့်မှန်းတာတော့ ကူးစက်ရောဂါလို့တွေ့ရတယ်။ ဝမ်းပျက်ရောဂါက ရေ မသန့်တာကြောင့်ပေါ့နော်။ ရေက သောက်သုံးဖို့မသန့်တဲ့အတွက်မှာ ဝမ်းပျက်တာတွေ့ရတယ်” ဟု ကရင် အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီဝင်တဦးက မဇ္ဈိမကိုပြောသည်။

ကူးစက်ရောဂါများခံစားနေရသည့် ဒေသခံများအတွက် သက်ဆိုင်ရာကျေးနယ်အလိုက်ထားရှိသည့် KNU ကျေးလက်ဆေးပေးခန်းများမှ ဆေးကုသမှုပေးနေသော်လည်း ဆေးဝါးလိုအပ်ချက်ရှိနေကြောင်း ကရင် အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီဝင်က ဆိုသည်။

“ဆေးဝါးကတော့ လုံလောက်မှုမရှိပါဘူး။ ဆေးဝါးသယ်ယူပို့ဆောင်ရေးက အရမ်းခက်တယ်၊ များများ သယ် လို့မရဘူး။ ဒီဘက်မှာက ပြည်သူတွေက ထောင်သောင်းမကဘူး ရှိတယ်။ ဆေးက နည်းနည်းပဲသယ် မှရတဲ့အတွက် အခက်အခဲကတော့ အများကြီးရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

ရေဘေးသင့်မှုကြောင့် မုန်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းငါးကျောင်းကို ယာယီပိတ်ထားရပြီး စပါးစိုက် ခင်း ဧက ၂,၀၀၀ ဝန်းကျင့်ခန့်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မုန်းမြို့နယ်မှ ရေဘေးသင့်ကျေးရွာ ၁၀ ရွာသည် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများ၊ စစ် ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တို့အကြား တိုက်ပွဲဖြစ်ပွားမှုများ ကြောင့် စစ်ဘေးတိမ်းရှောင်ရလေ့ရှိသည့် ကျေးရွာများဖြစ်ကြောင်း သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly