မုန်းမြို့နယ်မှ ရေဘေးသင့်ပြည်သူ ၈,၀၀၀ခန့်အကူအညီလိုအပ်နေ

By YT(မဇ္ဈိမ)
11 October 2023
မုန်းမြို့နယ်မှ ရေဘေးသင့်ပြည်သူ ၈,၀၀၀ခန့်အကူအညီလိုအပ်နေ
ပုံအညွှန်း- မုန်းမြို့နယ်၊ ဇီးကုန်းကျေးရွာအတွင်း ရေကြီးရေလျှံနေမှု မြင်ကွင်း (ဓါတ်ပုံ- KNU)

ပဲခူးတိုင်း၊ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် စစ်ဘေးကြောင့် မကြာခဏတိမ်းရှောင်နေရသည့် ကျေးရွာကိုးရွာ၌ ယခုရက်ပိုင်း မိုးကြီးမှုနှင့် စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် ရေကြီးနစ်မြုပ်နေပြီး  ဒေသခံပြည်သူ ၈,၀၀၀ထက်မနည်းသည် ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ခိုလှုံနေကြရသည်။

မိုးအဆက်မပြတ်ရွာသွန်းပြီး နောက်ဆက်တွဲရေဘေးကြောင့် သပြေညွန့်၊ ကျောက်ကြီးပေါက်၊ မန်ကျီးတော၊ လေလံကုန်း၊ တောပု၊ ဇီးကုန်း၊ ကြက်တက်ညောင်ပင်၊ ဒိုက်ပုံ၊ ညောင်ပင်သာ စသည့် ကျေးရွာများမှ ဒေသခံများကို ဘေးလွတ်ရာသို့ ပြောင်းရွှေထားရကြောင်း  ကရင်အမျိုးသားအစည်းအရုံး( KNU) ဗဟိုက ယမန်နေ့ အောက်တိုဘာလ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ထိုရွာများသည် စစ်ကောင်စီတပ်​၏ လက်နက်ကြီးပစ်ခတ်မှုများ၊ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အကြား တိုက်ပွဲဖြစ်ပွားမှုများကြောင့် စစ်ဘေးတိမ်းရှောင်ရလေ့ရှိသည့် ကျေးရွာများဖြစ်ကြောင်း သိရသည်။

" ယာယီစခန်းကတော့ အတည်တကျ မထားဘူး။ လုံခြုံရေးအရ ဒါတွေကတော့ ကျွန်တော်တို့ပြောခွင့်မရှိဘူး။ နောက်တချက်က အတည်တကျထားလိုက်ပြန်ရင် ၁၅ ရက်ကနေ အရက် ၂၀ လောက်ဆိုရင် စစ်တပ်ဘက်က သတင်းရပြီးတော့ လက်နက်ကြီးတွေပစ်ခတ်တာလည်း ရှိတဲ့အတွက်ကြောင့် နေရာအတိအကျထားတာရယ်တော့မရှိဘူး" ဟု ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီဝင်တဦးက မဇ္ဈိမကိုပြောသည်။

မုန်းမြို့နယ်သည် KNU တပ်မဟာ (၃) ထိန်းချုပ် နယ်မြေတွင် ပါဝင်သည်။ အောက်တိုဘာလ ၇ ရက်နေ့မှစ၍ အောက်တိုဘာလ ၁၁ ရက်နေ့အထိ မိုးအဆက်မပြတ်ရွာသွန်းပြီး စစ်တောင်းမြစ်ရေလျှံကာ ကျောက်ကြီးပေါက်ချောင်းရေဝင်လာသောကြောင့်  ရေကြီးနစ်မြုပ်ခြင်းဟု သိရသည်။ လက်ရှိတွင် ရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ဆေးဝါးနှင့် အမိုးအကာများ လိုအပ်နေသည်ဟုကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက ဆိုသည်။

" အခုက စစ်ရှောင်ရင်းတန်းလန်းနဲ့ ရေတွေက ထပ်ကြီးတဲ့အခါကျတော့ ကျွန်တော်တို့က ကူညီနိုင်တဲ့အနေအထားလောက်ကိုတော့ ကူညီပေးထားတယ်။ သို့သော်ငြားလည်း အခုလို ရေထကြီးလိုက်တော့ ပစ္စည်းတွေက လုံလောက်မှုက ခိုင်ခိုင်မာမာလည်း မရှိထားတဲ့အတွက်ကြောင့် နည်းနည်း အခက်အခဲတွေတော့ ကြုံတွေ့ရတယ်" ဟု ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီဝင်က ဆက်လက်ပြောဆိုသည်။

ထို့ပြင် ရေကြီးရေလျှံမှုများကြောင့် အဆိုပါ ကျေးရွာများရှိ စပါးခင်း၊ မတ်ပဲ၊ မြေပဲစိုက်ခင်းများပါ ရေမြုပ်ပျက်စီးပြီး စာသင်ကျောင်းအချ်ို့ကိုလည်း ယာယီပိတ်ထားရကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံမိုးဇလဌာနက ယနေ့ထုတ်ပြန်သော အောက်တိုဘာလ ၁၁ရက်မှ အောက်တိုဘာလ ၁၉ရက်အထိ  မိုးလေဝသခန့်မှန်းချက်တွင် ပဲခူးတိုင်းအပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် ပုံမှန်ထက်မိုးကောင်းနိုင်ကြောင်းသတိပေးထားသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required