ထိုင်းသံအမတ်ဟောင်းကို အသတ်ခံရမှု သံသယရှိသူကို ဖမ်းပေးဖို့ စစ်ကောင်စီထံ ထိုင်းစာပို့

ထိုင်းသံအမတ်ဟောင်းကို အသတ်ခံရမှု သံသယရှိသူကို ဖမ်းပေးဖို့ စစ်ကောင်စီထံ ထိုင်းစာပို့

ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ဟောင်း အမျိုးသားကိုသတ်မှုနဲ့ သံသယရှိခံရနေတဲ့မြန်မာလူငယ်ဟာ ထိုင်းဘက်ခြမ်းကနေ မြန်မာဘက်ခြမ်းကို တိမ်းရှောင်သွားတဲ့အတွက် ကူညီဖမ်းဆီးပြီး လွှဲပြောင်းပေးဖို့ မြို့တော်ဘန်ကောက်ရဲတပ်ဖွဲ့က မြန်မာစစ်ကောင်စီရဲတပ်ဖွဲ့ကို စာပို့လိုက်ပါတယ်။

အသက် ၆၃ နှစ်အရွယ် ထိုင်းသံအမတ်ဟောင်းဟာ စက်တင်ဘာလက အသတ်ခံခဲ့ရတာဖြစ်ပြီး သူ့အိမ်မှာ အလုပ်လုပ်နေတဲ့ အသက် ၁၉ နှစ်အရွယ် မြန်မာနိုင်ငံသား စိုင်းမြတ်မိုးဆိုသူက သတ်သွားတာလို့ ထိုင်းရဲတပ်ဖွဲ့က သံသယရှိနေတာပါ။

စိုင်းမြတ်မိုးဟာ သံအမတ်ဟောင်းကို ဘန်ကောက်မြို့၊ ချာတူချပ်အရပ်က နေအိမ်မှာ ဓားနဲ့ထိုးသတ်ခဲ့ပြီးနောက်မှာ ချင်းရိုင်နယ်စပ်ကနေ မြန်မာပြည်ထဲကို ဝင်သွားခဲ့တာလို့ ဘန်ကောက်ရဲတပ်ဖွဲ့က အောက်တိုဘာလ ၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စိုင်းမြတ်မိုးဟာ မြန်မာနိုင်ငံဘက်ကို ထွက်ပြေးသွားတာကြောင့် ကူညီဖမ်းဆီးပေးဖို့ ထိုင်းရဲတပ်ဖွဲ့က စစ်ကောင်စီကို အကူအညီတောင်းထားတာလို့ ဘန်ကောက်ပိုစ့် သတင်းက အောက်တိုဘာ ၁၀ ရက်နေ့မှာ ဖော်ပြထားပါတယ်။

လုံခြုံရေးကင်မရာ ရုပ်သံမှတ်တမ်းတွေကို လေ့လာစစ်ဆေးချက်အရ စိုင်းမြတ်မိုးဟာ ငွေထုတ်စက်မှာ သံအမတ်ဟောင်းရဲ့ငွေစာရင်းအကောင့်ထဲကနေ ထိုင်းဘတ်ငွေ သောင်းချီ ထုတ်ယူသွားပြီး အဲဒီကမှတဆင့် မိုချစ် ဘတ်စ်ကားဂိတ်မှာ အဝေးပြေးကားစီးကာ ချင်းရိုင်ခရိုင်ကနေတဆင့် တာချီလိတ်မြို့ဘက်ကို တိမ်းရှောင်သွားခဲ့တယ်ဆိုပြီး ထိုင်းရဲတပ်ဖွဲ့က ပြောထားပါတယ်။

ချင်းရိုင် လူဝင်မှုကြီးကြပ်ရေးဌာနတာဝန်ရှိသူကတော့ ဒီလူငယ်ဟာ ချင်းရိုင်ကနေ သူ့ရဲ့မွေးရပ်မြေ ရန်ကုန်ကို သွားဖို့ လေယာဉ်လက်မှတ်ဝယ်ယူခဲ့တဲ့သတင်း ရရှိထားတယ်လို့ အောက်တိုဘာ ၁၀ ရက်နေ့က ပြောခဲ့ပါတယ်။ဒါကြောင့် ထိုင်းနိုင်ငံက စစ်ကောင်စီကို ကူညီဖမ်းဆီးပေးဖို့ စာပို့ထားတာပါ။

မကြာခင်မှာ သံသယရှိတဲ့ လူငယ်ကို ဖမ်းဆီးနိုင်မယ်လို့ ထိုင်းရဲတပ်ဖွဲ့က မျှော်လင့်ထားကြောင်းလည်း ထိုင်းနိုင်ငံအခြေစိုက်သတင်းတွေက ဖော်ပြကြပါတယ်။

အခုတော့ သတင်းထုတ်ပြန်ပြီး နောက်တစ်ရက်မှာပဲ ဒီလူငယ်ကို တရားစွဲဆိုနိုင်ရေး ကူညီဖမ်းဆီးပေးဖို့ ဘန်ကောက်မြို့တော် ရဲတပ်ဖွဲ့က စစ်ကောင်စီရဲတပ်ဖွဲ့ဆီ စာပေးပို့လိုက်တာဖြစ်ပါတယ်။

ရှမ်းပြည်နယ်မှတ်ပုံတင်ကိုင်ထားတဲ့အဲဒီလူငယ်ဟာ တာချီလိတ်ကနေ ရန်ကုန်ကို သွားတယ်လို့ သိရတာကြောင့် ကူညီဖမ်းဆီးပေးဖို့ စာပို့တာလို့လည်း ထိုင်းရဲတပ်ဖွဲ့စာမှာ ဖော်ပြတာတွေ့ရပါတယ်။

ထိုင်းရဲတပ်ဖွဲ့ကတော့ သံအမတ်ဟောင်းဟာ အဲဒီနေအိမ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်မှာ ရွှေ့ပြောင်းလာခဲ့တာဖြစ်ပြီး စိုင်းမြတ်မိုးကတော့ သံအမတ်ဟောင်းဆီမှာ စက်တင်ဘာလ ၁၉ ရက်နေ့ကစလို့ အလုပ်ဝင်လုပ်နေခဲ့တာလို့ ပြောထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly