KNU တပ်မဟာ(၆)နယ်မြေတွင် ၁ လအတွင်း တိုက်ပွဲ ၅၁ ကြိမ်ဖြစ်ပွား

By YT(မဇ္ဈိမ)
14 October 2023
KNU တပ်မဟာ(၆)နယ်မြေတွင် ၁ လအတွင်း တိုက်ပွဲ ၅၁ ကြိမ်ဖြစ်ပွား
ပုံအညွှန်း - KNLA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓါတ်ပုံ- KNU)

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်တွင် တလအတွင်း တိုက်ပွဲကြီးငယ်ပေါင်း ၅၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNU ဗဟို​က ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ၅၁ ကြိမ်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ တစ်လအတွင်း KNU တပ်မဟာ (၆) နယ်မြေ၌ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများ ဖြစ်သည်။

“ တပ်မဟာ (၆)အတွင်းသို့ အာဏာသိမ်း စစ်ကောင်စီတပ်များမှ အင်အားဖြည့်တင်း၍ နယ်မြေကျူးကျော် စစ်ကြောင်းများ ထိုးလာသည်နှင့်အမျှ KNLA၊ KNDO၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှလည်း ၎င်းတို့အား စီးနင်းတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခြင်း၊ စနိုက်ပါဖြင့် ချောင်းမြောင်း ပစ်ခတ်ခြင်း စသည်များ နေ့စဥ်နှင့်အမျှ လုပ်ဆောင်လျက်ရှိသည်" ဟု KNU က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်၌ ခရိုင်ရဲအုပ်မှူးတဦး၊ ရတ ခလရ (၁၇၅) ယာယီ တပ်ရင်းမှူးတဦး၊ ရဲအုပ်တဦး၊ ထွေအုပ်အကြီးတန်းစာရေးတဦး၊ တပ်ကြပ်တဦး၊ တပ်ခွဲအရာခံဗိုလ်တဦး နှင့် တပ်ခွဲ ဒု-အရာခံဗိုလ်တဦး အပါအဝင် ၇၉ ဦး သေဆုံးခဲ့ပြီး ခရိုင် ဒု-ရဲမှူးနှစ်ဦး၊ ရဲ ဒု-တပ်ကြပ်သုံးဦး၊ ဒုရဲအုပ်သုံးဦး နှင့် ရဲတပ်သားနှစ်ဦး အပါအဝင် ၄၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း KNU က ဆိုသည်။

စက်တင်ဘာလ တိုက်ပွဲများအတွင်း KNLA၊ KNDO၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်တွင်လည်း နှစ်ဦး ကျဆုံးခဲ့ပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ထို့ပြင် KNU တပ်မဟာ (၆) နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်များသည် ပြည်သူလူထုအား ဖမ်းဆီးနှိပ်စက်ခြင်း၊ ပြည်သူ၏နေအိမ်အား ဝင်ရောက် ဖျက်ဆီးပြီး ဒေသခံများ​၏ ပစ္စည်းများကို ယူဆောင်ခြင်း၊ ဒေသခံများနေထိုင်ရာ ကျေးရွာများအတွင်း လက်နက်ကြီးများ ပစ်ခတ်ခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်လျက်ရှိကြောင်း ဆိုသည်။

စစ်ကောင်စီတပ်​၏ အရပ်သားပစ်မှတ်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် တိုက်ပွဲများကြောင့် KNU တပ်မဟာ (၆) နယ်မြေတွင် စစ်ဘေးရှောင်ပြည်သူ ၁၂၉,၉၆၉ ဦး ရှိကြောင်း KNU ဗဟိုထံက သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly