တနင်္သာရီ၊ကရင်နှင့်မွန်တွင် ပုံမှန်ထက် မိုးများမည့် သတိပေးချက်ထုတ်ပြန်

By ရောင်နီ(မဇ္စျိမ)
06 October 2023
တနင်္သာရီ၊ကရင်နှင့်မွန်တွင် ပုံမှန်ထက် မိုးများမည့် သတိပေးချက်ထုတ်ပြန်
ပုံအညွှန်း - ပြီးခဲ့သည့် ဇူလိုင်လက မွန်ပြည်နယ်အတွင်း မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့် မြင်ကွင်း။  (ပုံ - လူမှုကွန်ရက်)

လက်ရှိကာလရာသီဥတုအခြေအနေအရ မြန်မာနိုင်ငံဒေသအနှံ့အပြား၌ မိုးရွာနိုင်ပြီး တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် ပုံမှန်ထက်မိုးများနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက သတင်းထုတ်ပြန်သည်။

တောင်တရုတ်ပင်လယ်၌‌တိုင်ဖွန်းမုန်တိုင်းကိုအိနူ(Koinu) ဖြစ်နေစဉ် ထိုင်းနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသည့် အထက်ပါ ဒေသ သုံးခု၌ ပုံမှန်ထက် မိုးများမည့် သတိပေးချက်ကို ထုတ်ပြန်ခြင်းဖြစ်သည်။ ယင်းဒေသများတွင် အောက်တိုဘာလ ၇ ရက်နှင့် ၈ ရက်၌ မိုးများနိုင်ကြောင်း ယနေ့ အောက်တိုဘာလ ၆ရက်တွင် သတိပေးထားသည်။

" မိုးက အရင်ရက်က တော်တော်များတယ်။ ဒီနေ့တော့ မိုးအုံ့တယ်။ ရှေ့ရက်တော့ မိုးများမယ်ထင်တယ်" ဟု မွန်ပြည်နယ်၊ ပေါင်မြို့မှ ဒေသခံတဦးကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လနှင့် သြဂုတ်လက မြန်မာနိုင်ငံဒေသအများစု မိုးသည်းထန်စွာရွာသွန်းခဲ့စဉ် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်မှ  မြို့နယ်အချို့၌ ရေကြီးရေလျှံမှု ကြုံတွေ့ခဲ့ရသည်။

စက်တင်ဘာလ နှောင်းပိုင်းကလည်း  မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းမှ မြို့နယ်အချို့၌  တောင်ကျချောင်းရေများ ဝင်ရောက်ခြင်း၊ လေပြင်းကြောင့်သစ်ပင်များလဲပြိုခြင်းတို့ဖြစ်ခဲ့ပြီး  ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။

တိုင်ဖွန်းမုန်တိုင်းကိုအိနူ(Koinu)သည် တောင်တရုတ်ပင်လယ်၌‌ စက်တင်ဘာလကုန်၊ အောက်တိုဘာလဆန်းတွင် ဖြစ်ခဲ့ပြီး အောက်တိုဘာလ ၅ရက်တွင် ထိုင်ဝမ်နိုင်ငံကို ဖြတ်ကျော်ခဲ့သည်။ မုန်တိုင်းဘေးကြောင့် လူတဦးသေဆုံးပြီး သုံးရာကျော် ဒဏ်ရာရခဲ့သည်။  Koinu သည် မကြာမီ အားလျော့သွားနိုင်သည်ဟု မ်ိုးဇလဌာနက ယနေ့ ခန့်မှန်းထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required