ထိုင်းနိုင်ငံသို့   ၂ ရက်အတွင်း  မြန်မာ အလုပ်သမား ၁,၃၀၀ ကျော် ဝင်ရောက်

By ကိုရွှေမြိတ် (မဇ္ဈိမ)
17 October 2023
ထိုင်းနိုင်ငံသို့   ၂ ရက်အတွင်း  မြန်မာ အလုပ်သမား ၁,၃၀၀ ကျော် ဝင်ရောက်

ထိုင်းနိုင်ငံသို့  အောက်တိုဘာလ ၁၆ ရက်နှင့် ၁၇ ရက် နှစ်ရက်အတွင်း  နှစ်နိုင်ငံ သဘောတူစာချုပ် (MOU) ဖြင့် မြန်မာ  အလုပ်သမား ၁,၃၀၀ ကျော် ဝင်ရောက်လာကြောင်း ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့ရှိ အလုပ်သမား သံအရာရှိရုံး (Myanmar Labour Attache Office)  တာဝန်ရှိသူ တဦးက ပြော သည်။ 
မဲဆောက်-မြ၀တီ အမှတ် (၂) ချစ်ကြည်ရေး တံတားမှ အောက်တိုဘာလ ၁၆ ရက်တွင် ၈၃၀ ဦးနှင့် အောက်တိုဘာလ ၁၇ ရက်တွင် ၅၁၄ ဦး စုစုပေါင်း ၁၃၄၄ ဦး  ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။ 
ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီများမှ တဆင့် ရောက်ရှိလာသည့် အလုပ်သမားများဖြစ်ပြီး တာဝန်ယူ၊ တာဝန်ခံမှုမရှိသည့် အေဂျင်စီများကိုလည်း အရေးယူနေကြောင်း  အလုပ်သမား သံအရာရှိရုံးမှ တာဝန်ရှိသူက ဆိုသည်။ 

“အခုလိုမျိုး MOU အလုပ်သမားတွေနဲ့ ပတ်သက်ပြီး အေဂျင်စီတွေက တာဝန်ယူမှု ၊တာဝန်ခံမှု မရှိတဲ့ အပိုင်းတွေ ရှိလာရင် အရေးယူ အပြစ်ပေးတာ လုပ်နေတာ ရှိတယ်။ လက်ရှိလည်း အချို့ အေဂျင်စီတွေကို ယာယီပိတ်ခိုင်းတာ၊ အပြီး ပိတ်ခိုင်းတာတွေကို ရုံးချုပ်က ပြုလုပ်နေတာ ရှိနေတယ်”ဟု ၎င်းက ပြော သည်။။ 

ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးမှုကြောင့် ထိုင်းနိုင်ငံသို့ ရွေ့ပြောင်းလာသည့် မြန်မာလုပ်သားများပြားလာ၍ အလုပ်အကိုင်ရှားပါးမှုနှင့် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများ ကြုံတွေ့နေရကြောင်း MOU အလုပ်သမားအချို့ထံက သိရသည်။ 

ထိုင်းနိုင်ငံ ဖူးခက်မြို့ရောက် MOU အလုပ်သမား တဦး ဖြစ်သူ ကိုထက်နိုင်ထွန်းက“အခုချိန်မှာတော့ ပြည်တွင်းမှာက အလုပ်အကိုင်က ဘယ်လိုမှ အဆင်မပြေတော့ ထွက်လာကြ မှာပဲလေ။ ဒီလို ထွက်လာလို့ အပြစ် မပြောချင်ပေမယ့် ရောက်လာ ပြီးမှတော့ အလုပ် အကိုင်တွေ အဆင်ပြေဖို့ အရေးကြီးတယ်”ဟု ပြောသည်။

 MOU စနစ်ဖြင့် စေလွှတ်သည့် အလုပ်သမားများသည် နယ်စပ်ဂိတ် နှစ်ခု ဖြစ်သည့် မဲဆောက်-မြ၀တီ နယ်စပ်ဂိတ်နှင့် ရနောင်း-ကော့သောင်း နယ်စပ်ဂိတ် နှစ်ခုမှ  နေ့စဉ်နီးပါး ဝင်ရောက်နေခြင်းရှိကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့နေ မြန်မာနိုင်ငံသား သတင်းအရင်းမြစ်တဦးက ဆို သည်။
“အခုလို MOU နဲ့ ဝင်လာတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ အခက်အခဲ တစ်ခုခု ဖြစ်လာရင် အေဂျင်စီနဲ့ ချိတ်ဆက်ပေးဖို့ တာဝန်ရှိဆုံး ဖြစ်တဲ့ သံရုံးဘက်က ကူညီဖြေရှင်းပေးတာက အရမ်းကို အားနည်းနေတာ ရှိတယ်။ အများစုက အရပ်ဘက်က အလုပ်သမား အရေး ကူညီပေးနေတဲ့ သူတွေကပဲ ကူညီပေးတာ များတယ်”လို့ ထိုင်းနိုင်ငံ မဲဆောက်မြို့နေ မြန်မာ နိုင်ငံသား သတင်း အရင်းမြစ် တစ်ဦးက ပြော သည်။
မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ် အတွင်း ပြည်ပ အလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ ၄၇၇ ခု ရှိသည့် အနက်  ထိုင်းလိုင်စင်ရ အေဂျင်စီ ၁၅၈ ခုရှိပြီး  ယာယီ ရုပ်သိမ်း  ခံရသည့် အေဂျင်စီ ၁၂ ခု ရှိကြေြာင်း စစ်ကောင်စီ၏အလုပ်သမား  ညွန်ကြားရေး ဦးစီးဌာန၏  ထုတ်ပြန်ချက်များ အရ သိရ သည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ထိုင်းနိုင်ငံ
#ရွေ့ပြောင်းအလုပ်သမား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly