နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၂ အောက်တိုဘာ၂၀၂၃)

By မဇ္ဈိမ 
12 October 2023
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၂ အောက်တိုဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ
•    စစ်တောင်းမြစ်ဝှမ်း နှင့် ဧရာဝတီမြစ် အနောက်ဘက်ခြမ်းကို စိုးမိုးရေးအတွက် စစ်ဆင်ရေးတွေ လုပ်နေကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ အတွင်းဝန် ဦးမောင်မောင်ဆွေက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူများအား စားသောက်ဖွယ်ရာများ ကျွေးမွေးနိုင်ရနိုင်ရန်အတွက် အညာကမ်းလက်လူငယ်အဖွဲ့က အလှူငွေ ၂ သိန်းလှူဒါန်းခဲ့ကြောင်း ပုလဲ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်း စစ်ဒေသ အမှတ် ( ၃ ) လက်အောက်ရှိ ၁၀၀၈ တပ်ရင်း ရှမ်းတောင်ပြည်သူ့ကာကွယ်ရေးတပ်မတော်က M79 ၄၀ မမ လောင်ချာ နဲ့ ၄၀ မမ ဗုံးသီးများကို ထုတ်လုပ်အောင်မြင်ခဲ့တယ်လို့ ထုတ်ပြန်ထားသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော် မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းအတွင်းမှာရှိတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (၃၅/၂၀၂၃)ကို အောက်တိုဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီမှဦ ပြုလုပ် ခဲ့ကြသည်။
•    နိုင်ငံတကာက အခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသည့် အစ္စရေးနှင့် ဟားမက်စ် တိုက်ပွဲများကို အာရုံရောက်နေတာကို အခွင့်ကောင်းယူပြီး စစ်ကောင်စီက လိုင်ဇာက မုန်လိုင်ခက် စစ်ဘေး ရှောင်စခန်းကို တိုက်ခိုက်လိုက်တာလို့ အမျိုးသားညီညွတ်ရေး အစိုးရ - NUG က ထုတ်ပြန် လိုက်သည်။
•    မြန်မာစစ်တပ်သည် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပဋိပက္ခများအား ဖန်တီးသူဆိုသည်မှာ ထင်ရှားပေါ်လွင်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂသို့ အစီရင်ခံပြောကြားသည်။
တော်လှန်ရေး လှုပ်ရှားမှုများ
•    စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ် ၊ လှတောကျေးရွာရဲစခန်းတွင် အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထား သည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ခုနှစ်ဦး သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ်-၇ တပ်ရင်း ( Zero ပြောက်ကျား) ထံမှ သိရသည်။
•    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေဘို-မန္တလေးလမ်းပိုင်းရှိ လှတောရဲစခန်းတိုက်ခိုက်ခံ ရပြီး နောက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူနှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာရှိ နေအိမ်နှင့်စျေးဆိုင်ခန်းများလည်း မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသတွင်းသတင်း ရင်းမြစ်များက ပြောသည်။ 
•    စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း Ba Thu Kyawal Column အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
•    မကွေးတိုင်း၊ ရေစကြိုမြို့တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ရေလယ်ကျွန်းဒေသကိုပါ စစ်ကြောင်းထိုးနေ၍ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
•    မကွေးတိုင်း၊ ရေစကြိုမြို့ မြို့မ ရဲစခန်းမှ ခြေလျင်ထွက်လာသည့် အင်အား ၃၀ ပါ စစ်ကောင်စီတပ် စစ်ကြောင်းကို ၁၂ လုံးမိုင်းတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး ပြင်းထန် ဒဏ်ရာရရှိသွားကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
•    မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(၄)ရဲစခန်းမှ ရဲတပ်ကြပ် မိုးဆန်းဦး ပစ်သတ်ခံရမှုနှင့် ဆက်နွယ်၍ အောက်တိုဘာ ၁၁ရက်၊ ည ၁၀နာရီ ၃၀မိနစ်ခန့်က အမျိုးသား ငါးဦး ဖမ်းဆီးခံရ ကြောင်းသိရသည်။
•    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံ-မြို့သာလမ်းပိုင်းတွင် လစာထုတ်ပြန်လာသည့် ပျုစောထီး အဖွဲ့၏ ယာဉ်အား ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မြင်းခြံခရိုင်တပ်ရင်း၈ Natogyi Regional Defence Force NRDFမှ သိရသည်။
•    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားပွဲမကြာခင်စတင် တော့မည်ဖြစ်ပြီး လတ်တလော ဒေသတွင်း လုံခြုံရေးအခြေအနေအရ မလိုအပ် ဘဲခရီးသွား လာခြင်း မပြု လုပ်ရန် သထုံခရိုင် PDF နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့ကပြည်သူများအား မေတ္တာရပ်ခံသည်။
•    အကြမ်းဖက် စစ်ကောင်စီက ပြည်သူလူထုအပေါ် နယ်မြေရှင်းလင်းရေး အကြောင်းပြကာ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု ၂၂ မှု ကျူးလွန်ခဲ့ကြောင်း NLD ပါတီက အောက်တိုဘာလ ၁၁ ရက်နေ့က ထုတ်ပြန်လိုက်သည်။
•    တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နှင့် ထားဝယ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်း ၂ ခု နှင့် ပျူစောထီး ခေါင်းဆောင် နေအိမ်တို့ကို တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် PDF တပ်ဖွဲ့မှ သိရသည်။
•    ပဲခူးတိုင်း၊ ဝေါမြို့နယ်နှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တို့တွင် စစ်တပ်က ပစ် ခတ်သော လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲပြီး ကလေး ၁ ဦးသေ ဆုံးကာ နေအိမ်များ ပျက်စီးသွား ကြောင်း ဒေသပြည်သူများက ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်များ 
•    မြန်မာနိုင်ငံတွင် စစ်တပ်က ဥပဒေမဲ့ အာဏာလုယူပြီးနောက် လူအခွင့်အရေးချိုးဖောက်မှုနှင့် နည်းမျိုးစုံဖြင့်သတ်ဖြတ်မှုတို့ကြောင့် ချင်းလူမျိုး ၅၂၈ ဦးသေဆုံးခဲ့ကြောင်း ချင်းရေးရာအဖွဲ့ချုပ် (ICA)က အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
•    စစ်ကောင်စီ၏ အနှစ်သာရ မရှိတော့သည့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA) (၈)နှစ်ပြည့် အထိမ်းအမှတ်နေ့ကို လုံး၀ အသိအမှတ်မပြုသကဲ့သို့ ဖိနှိပ်ခံပြည်သူတစ်ရပ်လုံးနှင့် တသားတည်း ရပ်တည်ကာ စစ်အာဏာရှင်စနစ် နိဂုံးချုပ်ရေးအတွက် တော်လှန်သော အင်အားစုများနှင့် လက်တွဲ ကာ နည်းလမ်းပေါင်းစုံဖြင့် တော်လှန်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်လွတ်မြောက် ရေးပါတီ (ALP)က ယနေ့ ထုတ်ပြန်သည်။
•    ၂၀၂၃ ခုနှစ် ၏ ၉ လတာကာလအတွင်းမှာ ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံ တပ်များနှင့် စစ်ကောင်စီတပ်တွေကြားတိုက်ပွဲ ပေါင်း ၃,၅၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
•    အကြမ်းဖက်စစ်တပ်က ကချင်ပြည်နယ်၊ လိုင်ဇာရှိ မုန်လိုင်ခက်ကျေးရွာ စစ်ဘေးရှောင်စခန်း အပေါ်ကို ဗုံးကျဲတိုက်ခိုက်၍ ပြည်သူများကို သတ်ဖြတ်မှုသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်၍ နိုင်ငံတကာက စစ်ကောင်စီကို အရေးယူပေးရန် ကရင့်အမျိုးသားအစည်းအရုံး-KNU နှင့် ချင်းအမျိုးသားတပ်ဦး-CNF တို့က တရားဝင် ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ကြသည်။
စစ်ကောင်စီ
•    တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီက သယ်ယူခွင့် ကန့်သတ်ထား၍ ဆန်ပြတ်လပ်မှုကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။
•    ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ဟောင်း အမျိုးသားကိုသတ်မှုနှင့် သံသယရှိခံရနေသည့် မြန်မာ လူငယ်သည့် ထိုင်းဘက်ခြမ်းကနေ မြန်မာဘက်ခြမ်းကို တိမ်းရှောင်သွားသည့်အတွက် ကူညီဖမ်း ဆီးပြီး လွှဲပြောင်းပေးရန် မြို့တော်ဘန်ကောက်ရဲတပ်ဖွဲ့က စစ်ကောင်စီရဲတပ်ဖွဲ့ကို စာပို့လိုက် ကြောင်း သိရသည်။
•    မြန်မာနိုင်ငံ၏ နျူကလီးယား အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးနှင့် အကဲဖြတ်ရေးနှင့်ပတ်သက်ပြီး မြန်မာစစ်ကောင်စီနှင့် နားလည်မှု စာချွန်လွှာ (MoU) တရပ် လက်မှတ်ရေးထိုးခဲ့ကြောင်း ရုရှား အစိုးရ ပိုင် Rosatom စွမ်းအင်ကော်ပိုရေးရှင်းက ထုတ်ပြန်သည်။
•    အခုဘဏ္ဍာနှစ် ပထမနှစ်ဝက်ကာလ မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုတန်ဖိုးသည်အရင်ဘဏ္ဍာနှစ် ကာလတူနှင့် ယှဉ်ရင် ကန်ဒေါ်လာ ၁ ဘီလီယံကျော်လျော့ကျနေကြောင်း စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။
•    ကုန်သည်လုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဟု ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီဥက္ကဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောဆိုပြန်သည်။
အောက်တိုဘာ ၁၂ ရက် သုံးသပ်ချက်
•    အကြမ်းဖက်စစ်ကောင်စီတပ်သည် ၎င်းတို့မနိုင်သည့်နယ်မြေများကို ဆန်သယ်ယူခွင့်မပေး ဘဲဖြတ် တောက်ခြင်း လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ အရပ်သားပြည်သူများနေထိုင်ရာကို ပစ်ခတ်ခြင်း၊ စစ်ရှောင်စခန်းမှန်းသိသိဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေခြင်းသည် လက်နက်ကြီးများကိုင်ဆောင်ပြီး သူရဲဘော်ကြောင်သော လုပ်ရပ်ကို လုပ်နေခြင်းဖြစ်သည်။
•    ကုန်သည်များအခက်အခဲကို ဖြေရှင်းပေးမည်ဟု ဆိုပြီး စစ်ကောင်စီ ဗိုလ်ချုပ်များ လာဘ်စားဂွင်ရိုက် ပြုလုပ်ခဲ့ပြီး အချင်းချင်းအဝေမတည့်ဖြစ်ကာ ဖမ်းဆီးခဲ့ကြပြီး နောက်ထပ်ရောက်လာသည့် အကြမ်းဖက် စစ်ကောင်စီ ဗိုလ်ချုပ်ကြီး မြထွန်ဦးသည်လည်း ယင်းကဲ့သို့ ပြောဆိုလာပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required