လျှပ်စစ်ဓာတ်အားသုံး စက်ခေါင်းများထုတ်လုပ်ရန်နှင့် လျှပ်စစ်ရထား ပြောင်းလဲပြေးဆွဲနိုင်ရေး ကြိုတင် ပြင်ဆင်ရန် စစ်ခေါင်းဆောင် ညွှန်ကြားပြန်

By 001(မဇ္စျိမ)
08 October 2023
လျှပ်စစ်ဓာတ်အားသုံး စက်ခေါင်းများထုတ်လုပ်ရန်နှင့် လျှပ်စစ်ရထား ပြောင်းလဲပြေးဆွဲနိုင်ရေး ကြိုတင် ပြင်ဆင်ရန် စစ်ခေါင်းဆောင် ညွှန်ကြားပြန်

လျှပ်စစ်ဓာတ်အားအသုံးပြုသည့် ရထားစက်ခေါင်းများ ထုတ်နိုင်ရန်လိုအပ်ပြီး ရထားသယ်ယူ ပို့ဆောင်ရေးကိုလည်း လျှပ်စစ်အသုံးပြု၍ ပြောင်းလဲပြေးဆွဲနိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက် သွားရန်လိုကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကညွှန်ကြားကြောင်း သိရသည်။

အောက်တိုဘာလ ၇ ရက်နေ့က ရန်ကုန်တိုင်း မြန်မာ့မီးရထား မလွှကုန်းယာဒ်ဝင်းဧရိယာအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၏ လုပ်ငန်းဆောင်ရွက်မှုများကို သွားရောက်ကြည့်ရှုရာတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ရထားသယ်ယူပို့ဆောင်ရေးတွင် ခေတ်မီသည့် ပို့ဆောင်ရေးစနစ်ကို ဖော်ဆောင်နိုင်ရမည်ဖြစ်ပြီး လျှပ်စစ် ဓာတ်အားအသုံးပြုသည့် မီးရထားစက်ခေါင်းများကို ထုတ်လုပ်နိုင်ရန်လိုကြောင်း ၎င်းကပြောသည်။

ယခုကဲ့သို့ လျှပ်စစ်မီးဆိုးဆိုးရွားရွား ပြတ်တောက်နေသည့်အချိန်တွင် လျှပ်စစ်ရထား၊ လျှပ်စစ်ကားများ ပြောင်းလဲပြေးဆွဲရန် စစ်ကောင်စီခေါင်းဆောင်အနေဖြင့် အိပ်မက်မက်မနေသင့်ကြောင်း ရန်ကုန်မြို့ခံ အမျိုးသားတဦးက ဝေဖန်သည်။

“မီးက တခါတလေကျရင်လည်း တနေကုန်မလာဘူး မိုးချုပ်မှလာတယ်။ လျှပ်စစ်ရထားစီးဖို့ နောက်အနှစ် ၅၀ လောက်စောင့်လိုက်ဦး။ မြန်မာနိုင်ငံ အခုဘယ်လိုဖြစ်သွားလဲဆို လွန်ခဲ့တဲ့ အနှစ် ၂၀ ကို ပြန်ရောက် သွားတယ်။ ရှေ့ကိုမရောက်ဘူး နောက်ကိုပြန်ရောက်သွားတယ်”ဟု ၎င်းက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်း နေရာအများစုတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဆိုး ရွားစွာဖြစ်ပေါ်နေသော်လည်း စစ်ကောင်စီခေါင်းဆောင်က လျှပ်စစ်ကားများပြေးဆွဲရန်နှင့် ရထားသယ် ယူပို့ဆောင်ရေးတွင် လျှပ်စစ်ဓာတ်အားအသုံးပြုဆောင်ရွက်ရန် အစည်းအဝေးများတွင် မကြာခဏ ထည့် သွင်းပြောဆိုလေ့ရှိသည်။

စာတည်း။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required