တရုတ်အာရှရေးရာအထူးကိုယ်စားလှယ်နှင့် စစ်ကောင်စီခေါင်းဆောင်တို့ နေပြည်တော်တွင် တွေ့ဆုံ

By 001(မဇ္စျိမ)
29 July 2023
တရုတ်အာရှရေးရာအထူးကိုယ်စားလှယ်နှင့် စစ်ကောင်စီခေါင်းဆောင်တို့ နေပြည်တော်တွင် တွေ့ဆုံ

တရုတ်နိုင်ငံရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းနှင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ယမန့်နေ့ ဇူလိုင်လ ၂၈ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း ယနေ့ထုတ် စစ်ကောင်စီဝါဒဖြန့် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

အဆိုပါ တွေ့ဆုံမှုတွင် မြန်မာ - တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိသည့်အခြေအနေများကို ဆွေးနွေးခဲ့ပြီး ပြည်တွင်း ငြိမ်းချမ်း​ရေးရရှိ​ရေးနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံအနေဖြင့်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိမှုများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများနှင့် တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သည်။

ထို့ပြင် နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ မိုခါမုန်တိုင်းကိစ္စတွင် တရုတ်နိုင်ငံမှ အကူအညီပေးခဲ့သည့် အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ကိစ္စ၊ အွန်လိုင်းလောင်းကစားမှုများနှင့် အွန်လိုင်းမှ လိမ်လည်မှုများ လျော့နည်းပပျောက်ရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စတို့နှင့် ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းအနေဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့က စစ်ကောင်စီအဖွဲ့ဝင်ဖြစ်သည့်အပြင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဉက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တွေ့ဆုံခဲ့ပြီး ဇူလိုင် ၂၈ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

မစ္စတာ တိန့်ရှီကျွင်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းနှင့် ယခု ၂၀၂၃ခုနှစ် မတ်လ ပထမပတ်တို့တွင်လည်း မြန်မာနိုင်ငံသို့လာရောက်ခဲ့ဖူးပြီး ယခုခရီးစဉ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့လိုက်ကြောင်း သတင်းထွက်ပေါ်နေချိန်တွင် ​နေပြည်​တော်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly