မြန်မာ့ဗဟိုချက်မ အညာဒေရဲ့ အနာဂတ်ကို ပုံဖော်ခြင်း

By မဇ္ဈိမ 
18 August 2023
မြန်မာ့ဗဟိုချက်မ အညာဒေရဲ့ အနာဂတ်ကို ပုံဖော်ခြင်း
Anti-coup fighters sing a revolution song as they escort protesters during a demonstration against the military coup in Sagaing Township in the Sagaing Division of Myanmar on September 7, 2022. Photo: AFP

ခြောက်သွေ့ဒေသဖြစ်တဲ့ အညာဒေသဟာ ပဋိပက္ခရဲ့ ဖျက်ဆီးမှုဒဏ်ကို ကြံ့ကြံ့ခိုင်နေတာဟာ သုံးနှစ်နီးပါးကြာမြင့်ပါပြီ။ မြန်မာအာဏာသိမ်း စစ်ကောင်စီဟာ “ဖြတ်လေးဖြတ်” မဟာဗျူဟာကို ကျင့်သုံးပြီး မီးရှို့ပြာချတာ၊ ထင်ရာစိုင်း ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာကြောင့် အညာမှာဆိုရင် ဝရုန်းသုန်းကား ဖြစ်နေပါတော့တယ်။ အိမ်ခြေပေါင်း နှစ်သိန်းခွဲနီးပါး မီးရှို့ပြာချခံရတာ၊ ကျယ်ကျယ်ပြန့်ပြန့် ထင်ရာစိုင်း ဖမ်းဆီးတာနဲ့ ဝမ်းနည်းစဖွယ် အသက်ဆုံးရှုံးရတာတွေ ဖြစ်ပျက်နေပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးရဲ့ ဗဟိုချက်ဖြစ်ပေမယ့် အညာဒေသကိုတော့ စစ်ကောင်စီက မစိုးမိုးနိုင်သေးပါ။ တချိန်တည်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာလည်း အညာဒေသရဲ့ ကျယ်ပြောတဲ့ နယ်မြေများတလွှားက ဒေသကာကွယ်ရေးတပ်ဖွဲ့ (LDFs) တွေကို စစ်စည်းရုံးနိုင်ရေးမှာ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရပါတယ်။

လက်ရှိမှာ ထွက်ပေါ်နေတဲ့ မေးခွန်းကတော့ တော်လှန်ရေးလှုပ်ရှားမှုရဲ့ လမ်းကြောင်းပေါ် အညာဒေသ နိုင်ငံရေးဖွံ့ဖြိုးမှုက ကျယ်ပြန့်စွာ ဩဇာသက်ရောက်နိုင်မလား ဆိုတာပါပဲ။

အညာဒေသမှာ မကြာသေးခင်က မကွေးက LDFs တွေနဲ့ အခြား တော်လှန်ရေးအဖွဲ့တွေ ဖွဲ့စည်းတဲ့ စစ်ကိုင်းဖိုရမ်နဲ့ အညာဒေသ မဟာဗျူဟာ ကြီးကြပ်ရေးအဖွဲ့ (ARSC) တို့လို ဒေသခွဲအဖွဲ့တွေ ထွက်ပေါ်လာတာဟာ ခြောက်သွေ့ဒေသမှာ NUG ရဲ့ ဩဇာလွှမ်းမိုးမှုကို လျော့ပါးစေဖွယ်ရှိတဲ့ စင်ပြိုင်အဖွဲ့ ပေါ်ထွက်လာတာလားဆိုပြီး စိုးရိမ်ပူပန်မှုများ မြင့်တက်စေပါတယ်။

ဒီလို အပြိုင်စနစ်တွေကို ထင်ဟပ်ပြနေတာကတော့ အညာဒေသရဲ့ မိရိုးဖလာ ဓလေ့ထုံးတမ်းတွေက ကျွန်တော့် မှတ်ဉာဏ်မှာ ပေါ်ထွက်လာခဲ့တာပါပဲ။ ဗုဒ္ဓဘာသာဝင် စစ်စစ်တွေဟာ ရုပ်တုကိုးကွယ်မှုကို အားမပေးပေမယ့် ဘုရားဆင်းတုရော နတ်ရုပ်ထုတွေပါ ရှိနေတာကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒါဟာဆိုရင် ဗမာအိမ်ထောင်စုတွေမှာ ရာစုနှစ်များစွာ အမြစ်တွယ်နေတဲ့ အေဒီ ၁၂ ရာစုက ဗုဒ္ဓဘာသာနဲ့အတူ နတ်ကိုးကွယ်မှုဆိုတဲ့ လက္ခဏာနှစ်ရပ် ဒွန်တွဲနေမှုကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့ရတာပါပဲ။ အလားတူပဲ စစ်ကိုင်းဖိုရမ်နဲ့ NUG တို့ရဲ့ဟာ ချည်းကပ်ပုံတွေ ကွဲပြားကြပေမယ့် စစ်အာဏာရှင် အမြစ်ဖြတ်ရေးမှာတော့ ဘုံရည်မှန်းချက် တူညီကြပါတယ်။

မြို့နယ်အဆင့် အုပ်ချုပ်ရေးနဲ့ တိုက်ပွဲတွေကို စီမံခန့်ခွဲဖို့ NUG ရဲ့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ဒေသအုပ်ချုပ်သူတွေနဲ့ အခွန်ကောက်ဝန်ထမ်းတွေ ရှိနေရာ ဒီ ဒေသမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ စစ်ကိုင်းဖိုရမ်ဟာ ဗျူဟာသစ်နဲ့ မြေပြင်ချည်းကပ်မှုတွေကို ကိုယ်စားပြုထားပါတယ်။

လက်ရှိအထိ ဒီ ယန္တရားနှစ်ရပ်ကြားမှာ တိုက်ရိုက်ပွတ်တိုက်မှုတော့ မရှိသေးပါဘူး။ မြို့နယ်ပေါင်း ၃၀ ကျော်ကို လွှမ်းခြုံတဲ့ ဒေသဆိုင်ရာအဖွဲ့ပေါင်း ၂၇ ဖွဲ့ ပါဝင်တဲ့ စစ်ကိုင်းဖိုရမ်ဟာ စစ်ကောင်စီ စစ်ဆင်ရေးတွေကြောင့် ကြီးစွာသော အပျက်အစီးတွေကို ခါးစည်းခံရတဲ့ ဒေသခံတွေကို ကူညီထောက်ပံ့ဖို့ ဦးတည်ချက် ထားပါတယ်။ တပြိုင်နက်တည်းမှာပဲ ဖိုရမ်ခေါင်းဆောင်တွေဟာ NUG စစ်ဒေသ လက်အောက်မှာ မရှိတဲ့ စစ်ကိုင်း LDFs တွေကို စစ်စည်းရုံးနိုင်ဖို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဆွေးနွေးတာတွေလည်း ရှိထားပါတယ်။

စစ်ကိုင်းက နိုင်ငံရေးလုပ်ဆောင်သူတွေဟာလည်း အဲဒီ ဒေသတွင်း အဖွဲ့နှစ်ရပ်နဲ့ အဆင်ပြေကြပုံ ရှိပါတယ်။ ဒါဟာဆိုရင် နေအိမ်မှာ ဘုရားနှင့် နတ်ရုပ်တုတွေ တပြိင်တည်း ထားရှိထားသလိုပဲ ဖြစ်ပါတော့တယ်။

ဗုဒ္ဓဘာသာဟာ အလယ်အလတ်လမ်းစဉ်ကို အလေးပေးပေမယ့် ကျွန်တော့် အတွေ့အကြုံအရတော့ တော်တော်များများက “သေမထူး နေမထူး” (Do or Die) စိတ်ထားမျိုး ခံယူထားကြတာကို တွေ့ရပါတယ်။ ဒါကြောင့် ဖြစ်တန်ခြေရှိတဲ့ ရလဒ်နှစ်ရပ်သာ ထွက်လာနိုင်ပြီး အဲဒါကတော့ အကြွင်းမဲ့ အောင်နိုင်ရေးနဲ့ အလုံးစုံ ကျဆုံးခြင်းပဲ ဖြစ်ပါတော့တယ်။ ဒီလို ပြင်းထန်တဲ့ ခံယူချက်နဲ့ ချည်းကပ်တာမျိုးက တခါတရံမှာ အပေးအယူ လုပ်ဖို့အတွက် နေရာ မရှိ ဖြစ်စေပါတယ်။ ၁၉၉၀ ခုနှစ်တွေမှာ ကျွန်တော်ဟာ လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုမှာ ပါဝင်ဖို့ စဉ်းစားခဲ့ပါတယ်။ အဲဒီအခါ ကျွန်တော့် အဖေက ကျွန်တော့်ဘဝ ဘေးဒုက္ခ မဖြစ်စေချင်တာကြောင့် တားဆီးဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒီလိုပဲ တဖက်မှာလည်း သူ့ ရပ်တည်ချက်တရပ်ကို ထုတ်ပြောခဲ့ပါတယ်။ “နိုင်ငံမှာ မင်းတို့တွေ ဒီမိုကရေစီ ပြန်မရမချင်း ငါ မင်းကို မတွေ့ချင်ဘူး” လို့ ပြောဆိုရင်း ထုတ်ဖော်ပြသခဲ့တာပါ။ ရေရှည် ကွဲကွာရခြင်းနဲ့ ဆင်းရဲဒုက္ခများ ခံစားရမယ်ဆိုတာ သိတဲ့တိုင်အောင် သူ့ရဲ့ အဲဒီ စကားဟာ ဒီမိုကရေစီအတွက် စိတ်ဆန္ဒ ပြင်းပြတာကို ပဲ့တင်ထပ် ပြသနေတာပဲ ဖြစ်ပါတယ်။ စိတ်မကောင်း ဝမ်းနည်းစရာကတော့ ၂၅ နှစ်ကြာ ပြည်ပြေးအဖြစ် နေထိုင်ရပြီး ၂၀၁၅ မှာ မိသားစုနဲ့ ကျွန်တော် ပြန် ဆုံဆည်းခွင့်  မရခင်မှာဘဲ သူ ကွယ်လွန်ခဲ့တာ ဖြစ်တာမို့ သူ့ကို ကျွန်တော် မြင်ခွင့် တွေ့ခွင့် မရခဲ့တာပါဘဲ။

ဒီအတွက် မြေပြင်မှာ အဖွဲ့တော်တော်များများရဲ့ “do or die” နိုင်ငံရေး ချည်းကပ်မှုဟာ အလယ်အလတ်ဆိုတာကို လက်မခံတဲ့ ပြတ်သားတဲ့ စိတ်ဓာတ်နဲ့ ပုံသွန်းထားတဲ့ ကျွန်တော့် အဖေရဲ့ ခံယူချက်ကိုလည်း ထင်ဟပ်နေတယ်လို့ ကျွန်တော် ဝန်ခံရမှာပါ။ ကျေးရွာတွေကို ထင်သလို အကြမ်းဖက်နေတဲ့ စစ်ကောင်စီရဲ့ လူမဆန်တဲ့ စစ်ဆင်ရေးတွေ ရှိနေတဲ့ကြားကပဲ အံ့ဩစရာကတော့ အဲဒီ အလံမလှဲတဲ့ စိတ်ဓာတ်ဟာ ဒေသတွင်း လက်နက်ကိုင်တော်လှန်ရေးကို အားသစ်လောင်းနေတော့တာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီ စိတ်ဓာတ်ဟာ တိုက်ပွဲကို စေ့ဆော်ပေးတယ် ဆိုပေမယ့် အလိုက်သင့် ပြောင်းလဲနိုင်မှုနဲ့ အပေးအယူ ညှိနှိုင်းမှုတွေအတွက်တော့ ခက်ခဲစေနိုင်တာလည်း ဖြစ်ပါတယ်။ မြေပြင်က သိမ့်မွေ့တဲ့ ကွဲပြားမှုတွေကို မျက်ကွယ် ပြုသွားစေနိုင်ပါတယ်။ စိတ်မကောင်းစရာ ဥပမာတစ်ခုကတော့ အညာဒေသရဲ့ အားအကောင်းဆုံး LDFs တပ်တတပ် ဖြစ်တဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) အကြီးအကဲ ဗိုလ်နဂါးနဲ့ NUG ကြားမှာ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ဖို့ မတတ်နိုင်သေးတာပါဘဲ။ ဘာသာရေးမှာလည်း လက္ခဏာနှစ်ရပ် ဒွန်တွဲနေတာနဲ့အတူ “do or die” ချည်းကပ်မှုရဲ့ နမိတ်ဖတ်ပြနေတာကတော့ အညာမှာ လက်ရှိ အမျိုးသားအဆင့်၊ ဒေသဆိုင်ရာအဆင့်နဲ့ မြေပြင် ခေါင်းဆောင်တွေ တစုတစည်း ဖြစ်လာရေးဆိုတာဟာ ရုန်းကန်ရဦးမယ် ဆိုတာပါပဲ။

ကျဆုံးလေပြီးတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်တွေကပဲ အညာဒေသက ပြည်သူတွေရဲ့ အသည်းနှလုံးကို သိမ်းယူနိုင်မှာ ဖြစ်ပါတယ်။ ဒီလို အခင်းအကျင်းကြားမှာ NUG ထိန်းချုပ်တဲ့ အဖွဲ့တွေနဲ့ အခြားသော ဒေသတွင်းအုပ်စုတွေကြားမှာ ပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့ အယူအဆ ချို့တဲ့တာမျိုးဟာ အနာဂတ်မှာ ကျေးရွာတွေကိုတင်မက သူတို့ကိုယ် သူတို့ ထိထိရောက်ရောက် ကာကွယ်ရေးမှာပါ အတားအဆီး ဖြစ်နေပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အညာက PDFs တွေကို ရင်ဆိုင်ဖို့ တိုက်ပွဲကြီးတွေ ဆင်နွှဲနေပြီး အကြမ်းဖက်မှုတွေ ပိုပြီး အရှိန်မြှင့်မယ့် ခြိမ်းခြောက်မှုတွေ ရှိနေတာကို မြေပြင်သတင်းတွေက ပြသနေပါတယ်။ စစ်ကောင်စီရဲ့ ပျူစောထီးတွေကို တိုးလို့ အသုံးချလာတာဟာဆိုရင် ထောက်ခံတဲ့ ကျေးရွာတွေကြား ယှဉ်ပြိုင်မှု မြင့်တက်စေပြီး နှစ်ခြမ်းကွဲစေကာ အပြစ်ပေး ဒဏ်ခတ်တဲ့ တိုက်ခိုက်မှု စက်ဝိုင်းကို ဦးတည်စေပါတယ်။

နိုင်ငံရေးနယ်ပယ်က ဒေသအဓိကပုဂ္ဂိုလ်တွေရဲ့ “do or die” စိတ်ဓာတ်ကလည်း စစ်ကောင်စီကို ဆန့်ကျင်တဲ့ လက်နက်ကိုင် တော်လှန်ရေးကို လောင်စာထည့်ပေးနေပြီး မဆုတ်မနစ်တဲ့ သန္နိဋ္ဌာန်ကို  တောင်းဆိုတဲ့ ပြတ်သားသော စိတ်ဓာတ်အဖြစ် ရှုမြင်ထားကြတာ ဖြစ်ပါတယ်။ အရေးကြီးတာက အဖွဲ့အစည်း နှီးနွယ်ပေါင်းစည်းမှုကို ဂရုမထားတဲ့ စစ်ကောင်စီကို ဆန့်ကျင်နေကြတဲ့ တပ်ဖွဲ့တွေဟာ ရာထူးစဉ်လိုက် ခေါင်းဆောင်မှု ဆိုတာထက် ဘုံရည်မှန်းချက်ကိုပဲ ဦးတည်ထားကြတာ ဖြစ်ပါတယ်။

မဖောက်ပြန်တဲ့ ယုံကြည်ချက်နဲ့ ရှုပ်ထွေးတဲ့ နိုင်ငံရေး အရှိတရားအပေါ် လက်တွေ့ကျကျ နားလည်နိုင်မှုကြားမှာ ဟန်ချက်ညီညီ ထိန်းသွားနိုင်ဖို့ဆိုတာက ဒီမိုကရေစီ လိုလားတဲ့ ခေါင်းဆောင်တွေနဲ့ ဒေသအဓိကပုဂ္ဂိုလ်တွေအတွက် မရှိမဖြစ် အရေးကြီးပါတယ်။

ဒီလို ရှုပ်ထွေးမှုတွေအရ အညာက အုပ်စုတွေအပေါ် ဘယ်သူတွေက ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်မလဲ၊ NUG လား၊ စစ်ကောင်စီလား၊ အခြား ဒေသတွင်းအုပ်စုတရပ်ကလား၊ ဒါဟာဆိုရင် ရှေ့လာမယ့်နှစ်တွေမှာ တော်လှန်ရေးလှုပ်ရှားမှုရဲ့ လမ်းကြောင်းကို ပုံဖော်လိမ့်မှာပဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly