ခြံအမှတ်(၅၄) အမွေခွဲ​ဝေမှုကိစ္စ ဇာရီမှု ရန်ကုန်တွင် ကြားနာ

By 001(မဇ္စျိမ)
25 October 2023
ခြံအမှတ်(၅၄) အမွေခွဲ​ဝေမှုကိစ္စ ဇာရီမှု ရန်ကုန်တွင် ကြားနာ

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့သည့် ခြံအမှတ်(၅၄) အမွေခွဲဝေမှုနှင့် ပတ်သက်ပြီး ဦးအောင်ဆန်းဦးဘက်ကဖွင့်ခဲ့သည့် ဇာရီမှုကို ကမာရွတ်ခရိုင်တရားရုံးတွင် ယမန်နေ့ အောက်တိုဘာလ ၂၄ ရက်နေ့က ကြားနာခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရသည်။

ယင်းကိစ္စတွင် ဦးအောင်ဆန်းဦးဘက်က အနိုင်ရရှိကြောင်း ဒီကရီကိုအတည်ပြုရန် ဇာရီမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဘက်ကလည်း ကန့်ကွက်ကြောင်းပြန်လည်လျှောက်ထားကြောင်း တရားရုံးနှင့် နီးစပ်သူတဦးက မဇ္စျိမကို ပြောသည်။

ဒီကရီကိုအတည်ပြုခြင်းဆိုသည်မှာ တရားရုံးဆုံးဖြတ်ချက်အတိုင်း အကျိုးသက်ရောက်ရန် အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းကို ဆိုလိုခြင်းဖြစ်သည်။

ထိုဇာရီမှုမှာ လက်ရှိတွင် ရုံးချိန်း သုံးကြိမ်မြောက်ရှိသွားပြီဖြစ်ကာ လေးကြိမ်မြောက်ရုံးချိန်းကို လာမည့် အောက်တိုဘာလ ၃၁ ရက်နေ့သို့ ပြန်လည်ချိန်းဆိုထားပြီး ဦးအောင်ဆန်းဦးဘက်က တင်ပြလျှောက်ထားမှုများ ပြန်ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်ခင်ကြည်အမည်ပေါက် နှစ်ဧကနီးပါးကျယ်ဝန်းသည့် ခြံအမှတ်(၅၄) ရှိ နှစ်ထပ်အိမ်နှင့် မြေတဝက်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်းကောင်း၊ တထပ်တိုက်နှင့် မြေတဝက်ကို ဦးအောင်ဆန်းဦးကလည်းကောင်း ခွဲဝေရန် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ၂၀၁၆ ခုနှစ်တွင် အမိန့်ချမှတ်ခဲ့သည်။

ယင်းအပေါ် ဦးအောင်ဆန်းဦးက ခြံဝန်းတခုလုံးအား လေလံပစ်ပြီးရရှိသည့်တန်ဖိုးကို တယောက်တဝက်ခွဲဝေယူရန်၊ ဒေါ်ခင်ကြည်မသေဆုံးခင်က ၎င်း၏ တူဖြစ်သူ ဦးခင်မောင်အေးကို အ​မွေပေးအပ်ခဲ့သည့် ခြံအမှတ်(၅၄) ထဲရှိ နောက်ထပ်အိမ်တလုံးနှင့်မြေကိုပါ ထည့်သွင်းခွဲဝေရန်  ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ အယူခံအဆင့်ဆင့်တက်ခဲ့သော်လည်း၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်းက ပယ်ချခံခဲ့ရသည်။

ထို့နောက် အာဏာသိမ်းပြီးနောက်ပိုင်း ပြန်လည်တင်ပြလာခြင်းဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံပြည်ထောင်စု တရားလွှတ်တော်ချုပ်က ၂၀၂၂ခုနှစ် ဩဂုတ်လအတွင်း ဦးအောင်ဆန်းဦး၏ အထူးအယူခံ လျှောက်ထား ချက်အတိုင်း ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ခြံအမှတ်(၅၄)ရှိ မရွှေ့မပြောင်းနိုင်သော အဆောက်အအုံအားလုံးအား ကြားကာလ အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတ်မှတ်ထားသည်။

ထိုအမျိုးအသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အား မည်သူမဆို ပိုင်ဆိုင်ခြင်း၊ ရောင်းချခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် ထိုသို့ပြုလုပ်ရန် ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း၊ အခြားနည်းအသုံးချခြင်းတို့အား တင်းကျပ်စွာတားမြစ်ထားကြောင်းနှင့် တားမြစ်ချက်များအား ဖောက်ဖျက်ကျူးလွန်ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအပါအဝင် ဆက်စပ်ဥပဒေများဖြင့် ထိရောက်ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း NUG က စက်တင်ဘာလကုန်ပိုင်းက ကြေညာထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly