NUG နဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့များအကြား စစ်ရေးနိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့တိုက်တွန်း

NUG နဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့များအကြား စစ်ရေးနိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေကြား စစ်ရေးနဲ့ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်ဖို့လိုအပ်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ(၂၄) ရက်နေ့က ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(၃၃) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နဲ့ တိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်းတွေ ကြားမှာ နိုင်ငံရေးအရ ပိုမိုပေါင်း စည်းလာ မှုလည်း အထူး လိုအပ်လာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ရေးနဲ့ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုဟာ ယုံကြည်မှုအပေါ်မှာ အခြေခံပြီး ယုံကြည်မှုဆိုတာလည်း စံတန်ဖိုးနဲ့ ခံယူချက် ယုံကြည်ချက်တွေအပေါ်မှာ မူတည်နေတာ ဖြစ် သလို တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးလိုလားချက်နဲ့ လူမျိုးရေး စိတ်ဆန္ဒ တွေကို အထူးဂရုစိုက်သင့်တယ်လို့ ပြောပါသေးတယ်။

လက်ရှိအချိန်မှာတော့ တော်လှန်ရေးဟာ အရှိန်ရလာပြီး ကျယ်ပြန့်လာတဲ့အတွက် NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အဖွဲ့တွေရဲ့ စစ်ရေးနိုင်ငံရေး ဆက်ဆံမှုတွေဟာ အရေး ကြီးသထက် ကြီးလာပြီး ဆက်ဆံရေးကို အတိမ်းအစောင်းမခံနိုင်တဲ့အပြင် ချွတ်ချော်မှုတွေ လည်း လုံးဝမဖြစ်သင့်တဲ့အတွက် အထူးဂရုစိုက်ကြဖို့ အစိုးရအဖွဲ့ဝင်တွေကို မှာကြားခဲ့ပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဦးဆောင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူတွေ၊ အခြားတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေနဲ့ လက်တွဲဆောင်ရွက်နေတဲ့အတွက် မကြာခင်မှာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ်ကို ရောက်ရှိမှာဖြစ်တယ်လို့ အောက်တိုဘာ ၂၅ရက်က ကျရောက်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) (၆၃) နှစ်ပြည့်အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရကပေးပို့တဲ့  သဝဏ်လွှာမှာဖော်ပြထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အပါအဝင် မဟာမိတ်အင်အားစုများအကြား ပိုမိုပူးပေါင်းပြီး စစ်အာဏာရှင်စနစ် အဆုံးသတ်နိုင်ရေး အားစိုက်လုပ်ဆောင်ဖို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) အား အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ရဲ့ စစ်ရေးအောင်မြင်မှုများကိုလည်း အလေးအနက်ဂုဏ်ပြုကြောင်း ဖော်ပြခဲ့ပါတယ်။

စစ်ကောင်စီကြောင့် တစ်နိုင်ငံလုံး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံပျက်စီးသွားမဲ့ အခြေအနေကို ဦးတည်နေတယ်လို့လည်း KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ကချင်ဘာသာနဲ့ ပြောဆိုခဲ့ပါတယ်။

ဒီလို မဟာမိတ်ဆက်ဆံရေးတွေကောင်းမွန်ဖို့နဲ့ ညီညွတ်ဖို့အရေးကို KIO ဥက္ကဋ္ဌနဲ့ NUG ယာယီသမ္မတ ပြောဆိုချက်တွေအပေါ် ထောက်ခံကြောင်းနဲ့ တိုင်းရင်းသားတွေနဲ့ NUG ကြား မဟာမိတ်ဆက်ဆံရေး ပိုမိုတည်ဆောက်နိုင်မယ်ဆိုရင် တော်လှန်ရေးဟာ မကြာခင်မှာ အောင်မြင်နိုင်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက သုံးသပ်ကြပါတယ်။

လက်ရှိမှာ စစ်ကောင်စီကို KIA၊ KNU စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်နေသလို အခြားသောလက်နက်ကိုင်အဖွဲ့တွေကလည်း စစ်ကောင်စီကို နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်နေကြတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly