စစ်ကောင်စီဘဏ္ဍာရေး ကပ်ဆိုက်တော့မှာလား (ဆောင်းပါး)

By သဲမောင်
22 August 2023
 စစ်ကောင်စီဘဏ္ဍာရေး ကပ်ဆိုက်တော့မှာလား (ဆောင်းပါး)
Photo : ပုံဟောင်း

အမေရိကန်က စစ်ကောင်စီရဲ့ ဘဏ်တွေကို အရေးယူဖို့ ချမှတ်ထားပြီးအမေရိကန်ရဲ့ မူဝါဒတွေကို လိုက်နာ မှု ရှိမရှိစောင့်ကြည့်မယ်လို့ ဩဂုတ်လ ၅ ရက်နေ့က သတိပေးလိုက်ပါတယ်။ အဲဒီလို သတိ ပေးမှုပြုလုပ်ပြီး သိပ်မကြာခင်မှာဘဲ စစ်ကောင်စီဘဏ်တွေနဲ့ ဆက်ဆံမှုရှိနေတဲ့ အိမ်နီးနားချင်း နိုင်ငံက ဘဏ်တွေက စစ်ကောင်စီလက်အောက်ခံ ဘဏ်တွေနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေကို ရပ်ဆိုင်း လိုက်ကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၁ရက်နေ့က အမေရိကန်ဘဏ္ဍာရေးဌာနကနေ စစ်ကောင်စီရဲ့ ကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ် ရေးဘဏ် (MICB) တို့ကို အရေးယူ ပိတ်ဆို့ မှုများ ချမှတ်လိုက် တာ ဖြစ်ပါတယ်။
 အဲဒီ ဘဏ် နှစ်ခုအပြင် စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကိုပါ ပိတ်ဆို့အရေးယူမှု စာရင်းမှာ ထည့်သွင်းထား လိုက်ပါတယ်။ အဲဒီဘဏ်နှစ်ခုဟာ စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအတွက် နိုင်ငံရပ်ခြားကနေ  စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူရာမှာ နိုင်ငံခြားငွေကြေးသုံးစွဲမှုကို အဆင်ပြေ ချောမွေ့စေရေးအတွက် အဓိကကျတဲ့ အခန်းကဏ္ဍတွင် ရှိနေတယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီအတွက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE အပါအဝင် နိုင်ငံပိုင်စီးပွား ရေးလုပ်ငန်းတွေဟာ အဲဒီဘဏ် နှစ်ခုရဲ့ ငွေစာရင်းတွေကို အသုံးပြုပြီး နိုင်ငံတကာ ဈေးကွက်ကို ချိတ်ဆက် ဆောင်ရွက်တာနဲ့ နိုင်ငံခြားဝင်ငွေတွေ ရှာဖွေပေးနေတာတွေကို ပြုလုပ်နေ တာဖြစ်ပါတယ်။

အဲဒီလိုရလာတဲ့ နိုင်ငံခြားငွေကြေးတွေနဲ့ စစ်ကောင်စီအတွက် စစ်ရေးကိစ္စရပ်တွေနဲ့ လိုအပ်တဲ့ ငွေကြေး အရင်းအမြစ်များအနေနဲ့ ပံ့ပိုးနေတာဖြစ်ပြီး  စစ်လက်နက်နဲ့အခြားပစ္စည်းတွေကို ဝယ်ယူနိုင်စေတယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနက ဆိုပါတယ်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း ဝယ်ရေး ဘဏ် (MICB) တို့ဟာ ကျပ်ငွေကို အမေရိကန်ဒေါ်လာနဲ့ ယူရိုကို ပြောင်းလဲပေးနိုင်တဲ့ စစ်ကောင်စီပိုင်ဘဏ္ဍာရေး အဖွဲ့အစည်းတွေလည်းဖြစ်ပါတယ်။

ဒီလိုတွေ အရေးယူပိတ်ဆို့ခံရတာကြောင့်  MFTB နဲ့ MICB တို့ဟာ နိုင်ငံတကာ စီးပွားရေး လုပ်ငန်း တွေနဲ့ ငွေပေးချေမှု အားလုံးကို လုပ်ဆောင်လို့ ရတော့မှာမဟုတ်ဘဲ စစ်ကောင်စီအတွက် နိုင်ငံခြား ငွေအလွှဲ အပြောင်းကိစ္စရပ်တွေမှာ ပိုပြီး အခက်အခဲများ ဖြစ်လာတော့မှာပါ။

နိုင်ငံတကာ ကုန်သွယ်မှုနဲ့ ငွေပေးချေမှုတွေအတွက် အရေးပါတဲ့ ဘဏ်နှစ်ခု အရေးယူ ပိတ်ဆို့ခံရတာဟာ စစ်ကောင်စီကို အကျပ်ရိုက်စေပါတယ်။ စစ်အာဏာသိမ်း မှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသစ်ဝင်ရောက် မှုမရှိတာနဲ့ ပို့ကုန်ဝင်ငွေကျနေလို့ အကျပ်ရိုက်နေတုန်း ပိတ်ဆို့ခံရတာကြောင့် အကြမ်းဖက် စစ်အုပ်စုကို ပိုပြီးတော့ အသက်ရှုကျပ်စေပါတယ်။

ဒါပေမယ့် စစ်ကောင်စီ ဝါဒဖြန့်ချိရေးခေါင်းဆောင် ဇော်မင်းထွန်းကတော့ အမေရိကန်ပိတ်ဆို့မှုအပေါ် ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်မှုမရှိဖို့ အသိပေးတုံ့ပြန်ခဲ့ပါတယ်။အဲဒီ ဘဏ်နှစ်ဘဏ်ဟာ အမေရိကန် အခြေစိုက် ဘဏ်တွေ နဲ့ ဘဏ်ခွဲတွေမှာ နိုင်ငံခြားငွေစာရင်းတွေ ဖွင့်လှစ်ဆောင်ရွက်နေတာ မရှိတဲ့အတွက် ငွေကြေးဆုံးရှုံးမှု မရှိနိုင်ဘူးလို့ ဆိုပြီး ဆင်ခြေပေးခဲ့ပါတယ်။

ဒါအပြင် နိုင်ငံခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေကို ဘဏ်တခုတည်းက ဆောင်ရွက်နေတာ မဟုတ်ဘဲ ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေ နဲ့ ဘဏ်ခွဲတွေမှာလည်း ဆောင်ရွက်ပေးနေတယ်လို့ စစ်ကောင်စီဝါဒဖြန့် ခေါင်းဆောင် ဇော်မင်းထွန်းကဆိုပါတယ်။ 

အရင်စစ်အဏာရှင်တွေတုန်းကလည်း အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှု လုပ်တုန်းကလည်း တရုတ်နဲ့စင်ကာပူဘဏ်တွေကို အသုံးပြုပြီး ငွေကြေးအကျပ်အတည်းကို ရှောင်ထွက် လေ့ရှိပါတယ်။

ဒါပေမယ့် ဒီတခါမှာတော့ အမေရိကန်က သူတို့ရဲ့ မူဝါဒရည်ရွယ်ချက်များကို လိုက်နာမှုရှိမရှိကို  ဂရုတ စိုက်စောင့် ကြည့်နေတယ်လို့ ကြေညာပြီးနောက် စင်ကာပူနိုင်ငံက United Overseas Bank (UOB)ကနေ ဩဂုတ်လ ၁၅ ရက်ကစလို့ စစ်အစိုးရနဲ့ ချိတ်ဆက်ထားတဲ့ မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI)ရဲ့ဘဏ်စာရင်းတွေအားလုံးကို ပိတ်မယ်လို့ ကြေညာခဲ့ပါတယ်။ဒါအပြင် မြန်မာနိုင်ငံ ရဲ့ လုပ်ငန်းသုံး ငွေလွှဲပြောင်းမှု ဝန်ဆောင်မှုတွေကို ယာယီ ဆိုင်းငံ့ထားမယ်လို့လည်း ကြေညာ လိုက်တာဖြစ်ပါတယ်။ 

အဲဒီလို စင်ကာပူရဲ့ ကြေညာချက်ထုတ်ပြီးမှာတော့ ဩဂုတ်လ ၁၆ ရက်မှာ မြန်မာကျပ်ငွေထိုး ကျသွားပြီး ရွှေဒေါ်လာဈေးတွေ တရိပ်ရိပ်တက်လာတာကိုလည်းတွေ့ရပါတယ်။ အခေါက်ရွှေ တကျပ်သား ကို ငွေကျပ် ၃၈ သိန်း တစ်သောင်းကျော်ရောက်ရှိသွားပြီး အမေရိကန်ဒေါ်လာ မှာလည်း တဒေါ်လာကို  ၃,၇၅၀ ကျပ်ကျော် အထိ မြင့်တက်လာပါတော့တယ်။ 

ဩဂုတ်လ ၁၇ ရက် မှာဘင်္ဂလားဒေရှ့် နိုင်ငံကလည်း အကြမ်းဖက်စစ်ကောင်စီရဲ့ MFTB နဲ့ MICB ငွေစာရင်း တွေကို ပိတ်လိုက်ပါတယ်။ ဒီလိုပိတ်ရတာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အမေရိကန်သံရုံးရဲ့ အကြောင်းကြား မှုကြောင့် ဘင်္ဂလား ဒေ့ရှ် အစိုးရပိုင် Sonali ဘဏ်က မြန်မာစစ်တပ်လက်အောက်ခံ MFTB နှင့် MICB ဘဏ်တို့၏ ငွေစာရင်းများကို ပိတ်ပင်လိုက်တာလို့ ဘင်္ဂလားဒေရှ် သတင်းတွေမှာ ဖော်ပြကြပါတယ်။

ဒီလိုဘဏ် အကောင့်တွေကို ပိတ်ပင်လိုက်ပြီးနောက်မှာတော့ မြန်မာစစ်တပ် က ဘင်္ဂလားဒေ့ရှ်အစိုးရကို ငွေစာရင်း အကောင့်တွေ ပြန်ဖွင့်ဖို့တောင်း ဆိုပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်က စီးပွားရေးပိတ်ဆို့မှု မရုပ်သိမ်း ရင် မဖွင့်ပေးနိုင်ဘူးလို့ ဘင်္ဂလားဒေရှ့်ဘက်က ပြတ်ပြတ်သားသားတုံ့ပြန်ခဲ့ပါတယ်။

အဲဒီအပိတ်ခံရတဲ့ဘဏ်ငွေစာရင်းမှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ သန်းရှိနေတယ်လို့လည်း သတင်း တွေမှာ ဖော်ပြကြတာကြောင့် အဘက်ဘက်ကပိတ်ဆို့ထားလို့ နိုင်ငံခြားငွေ အသဲသန်လိုနေတဲ့ အကြမ်း ဖက်စစ်အုပ်စုအဖို့ ထပ်မံအရှိုက်ထိတဲ့ လက်သီးချက်လို့ ဆိုရမှာဖြစ်ပါတယ်။

ဒီလိုသတင်းတွေထွက်ပေါ်အပြီးမှာတော့ ငွေတန်ဖိုးဆက်လက်ကျဆင်းနေပြီး ကုန်ဈေးနှုန်းအပါအဝင် သွင်းကုန်ပစ္စည်းတွေ ဈေးထိုးတက်လာပြီး ဆေးဝါးအပါအဝင် တချို့ကုန်ပစ္စည်းတွေ ပြတ်လပ်မှုတွေရှိ လာပါတယ်။
စစ်ကောင်စီ ဝါဒဖြန့်ခေါင်းဆောင်ဇော်မင်းထွန်းပြောတဲ့ ပြည်သူတွေကို မထိခိုက်နိုင်ဘူးဆိုတာ အလိမ်အညာ ဖြစ်တယ်ဆိုတာ ပြောစရာတောင် လိုမယ်မထင်ပါဘူး။ ဘယ်လိုပဲအလိမ်အညာဇာတ်ခင်းပေမယ့် နေ့စဉ်ကုန် ဈေးနှုန်းကြီးမြင့်မှုဒဏ်အပါအဝင် အလုပ်အကိုင်ရှားပါးမှုနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူကို လိမ်ညာလို့မရပါဘူး။ 

အခုတော့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင် အသံထွက်လာပါပြီး စားနပ်ရိက္ခာ လုံခြုံမှုရှိရေး အဓိက ကျတဲ့ စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ လောင်စာဆီ၊ ဓာတ်မြေဩဇာအပါအဝင် အထောက်အကူ ပြုပစ္စည်း တွေရောင်း ဝယ်ဖို့အခက်တွေ့နေတယ်လို့ ဆိုပါတယ်။

ဒီလိုဖြစ်ရတာဟာ နိုင်ငံတချို့အနေနဲ့ ဘဏ္ဍာရေး လုံခြုံမှုနဲ့ ယှဉ်တွဲဖြစ်လာတဲ့ ဒေါ်လာငွေကြေးကို လက်နက် သဖွယ်အသုံးချနေတယ်လို့ ရုရှားနိုင်ငံမော်စကိုမှာ ပြုလုပ်နေတဲ့ ၁၁ ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေး ညီလာခံကို ပေးပို့တဲ့ ဗီဒီယိုမက်ဆေ့မှာ စစ်ခေါင်း ဆောင်က ပြောလိုက်တာဖြစ်ပါတယ်။

ဒီလိုတွေ ပြောဆိုလာတာကိုကြည့်ရင် အမေရိကန်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ အရေးယူမှုတွေက ထိရောက်မှုရှိပြီး စစ်ကောင်စီကို အရှိုက်ထိစေတဲ့ လက်သီးချက်ဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒီလိုပိတ်ဆို့အရေးယူ မှုတွေဟာ စစ်အုပ်စုအတွက် ဘဏ္ဍာရေးကပ်ဆိုက်စေမှာဖြစ်ပါတယ်။

စစ်အုပ်ရဲ့ ဘဏ္ဍာရေး အမြန်ဆုံး ကပ်ဆိုက်နိုင်ဖို့ဆိုရင် စစ်ကောင်စီရဲ့ လုပ်ငန်းတွေ ကရတဲ့ ငွေတွေကနေ ပြည်သူတွေကို သတ်ဖြတ်ဖို့ လက်နက်တွေ ဝယ်မရအောင် နိုင်ငံတကာကနေ ပိတ်ဆို့ တားဆီးတာ ဘဏ္ဍာရေး ဆိုင်ရာအရေးယူတာမျိုးတွေ လုပ်နေသလိုမျိုး ပြည်သူတွေ ကလည်း စစ်ကောင်စီရဲ့ သွေးစွန်းငွေ ဖြတ် တောက်ဖို့ စစ်တပ်ထုတ်ကုန်တွေကို မသုံးစွဲဖို့လိုပါတယ်။

စစ်တပ်ထုတ်ကုန်တွေ မသုံးစွဲမှသာ အကြမ်းဖက်မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်အုပ်စုရဲ့ သွေးစွန်းငွေကို ဖြတ်တောက်နိုင်မှာ ဖြစ်ပြီး နိုင်ငံတဝန်းနေ့စဉ်နဲ့အမျှ မတရားသတ်ဖြတ်ခံနေရတဲ့ ပြည်သူတွေရဲ့ အသက်အိုး အိမ် စည်းစိမ်တွေကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly