ကမ္ဘောဒီးယားလွှတ်တော်က ဟွန်ဆန်၏ သားအား ဝန်ကြီးချုပ်အဖြစ် တင်မြှောက်

ကမ္ဘောဒီးယားလွှတ်တော်က ဟွန်ဆန်၏ သားအား ဝန်ကြီးချုပ်အဖြစ် တင်မြှောက်
Hun Manet gestures as he registers at Cambodia's National Assembly on Aug 22, 2023, the day that parliament votes to confirm the country's next prime minister. (Photo: Reuters/Cindy Liu)

ကမ္ဘောဒီးယားနိုင်ငံတွင် ပြီးခဲ့သည့်လက တဖက်စောင်းနင်း ရွေးကောက်ပွဲအပြီး အာဏာကို လက်လွှဲပေးအပ်ခြင်းအဖြစ် လွှတ်တော်သည် ကာလရှည် အုပ်ချုပ်ခဲ့သူ ဟွန်ဆန်၏ သားအကြီးဆုံးအား နိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် ဩဂုတ် ၂၂ ရက်တွင် ရွေးကောက်တင်မြှောက်သည်။

ဟွန်မာနက်အား တညီတညွတ်တည်း ရွေးကောက်တင်မြှောက်ကြောင်း အစည်းအဝေးအား သဘာပတိမူသည့် လွှတ်တော်အမတ် ဟန်ဆမ်ရင်က ပြောသည်။

ဇူလိုင်လက မဲပေးပွဲ၌ ဟွန်ဆန်၏ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP)  သည် အောက်လွှတ်တော်တွင် နေရာ ငါးနေရာမှ လွဲ၍ နေရာအားလုံး အနိုင်ရခဲ့ခြင်း ဖြစ်သည်။ အဓိကအတိုက်အခံပါတီအား ရွေးကောက်ပွဲ ယှဉ်ပြိုင်မှုမှ တားမြစ်ထားခြင်းကြောင့် ရှက်ဖွယ်ရာ ကောင်းသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ရှုတ်ချခံထားရသည်။

“ဒီကနေ့ဟာ ကမ္ဘောဒီးယားအတွက် သမိုင်းတွင် နေ့တနေ့ပါ”ဟု မဲပေးပြီးနောက် ဟွန်မာနက်က လွှတ်တော်အမတ်များအား ပြောသည်။

ရွေးကောက်ပွဲ သောင်ပြိုကမ်းပြို အနိုင်ရပြီး ရက်ပိုင်းအတွင်း၌ ကမ္ဘာ့တွင် ကာလအရှည်ကြာဆုံး အုပ်ချုပ်သူ တစ်ဦးဖြစ်သော ဟွန်ဆန်က ရာထူးမှ ဆင်းပေးပြီး ဟွန်မာနက်ကို အာဏာလက်လွှဲပေးမည်ဟု ကြေညာခဲ့ခြင်း ဖြစ််သည်။ ဟွန်ဆန်သည် ကမ္ဘောဒီးယားနိုင်ငံအား ဆယ်စုနှစ် လေးခု နီးပါးမျှ သံလက်သီးမိုး အုပ်ချုပ်ခဲ့သူ ဖြစ်သည်။

နိုင်ငံ၏ ပြယုဂ်သာဖြစ်သော ဘုရင်က တနင်္လာနေ့တွင် လွှတ်တော်အား ဆင့်ခေါ်ခဲ့ခြင်း ဖြစ်ပြီး အင်္ဂါနေ့၌ နိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် အသက် ၄၅ နှစ်ရှိ ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီး ဟွန်မာနက်အား တင်မြှောက်ရန် လွှတ်တော်အမတ်များအား လမ်းဖွင့်ပေးခဲ့သည်။

ဟွန်မာနက်၏ အစိုးရသစ်တွင် ၎င်း၏ ဆွေးမျိုးသားချင်းများနှင့် ဟွန်ဆန်၏ မိတ်ဖက်များ၏ သားသမီးအချို့က ထိပ်တန်းရာထူးများတွင် ပါဝင်သည်။

ဟွန်ဆန်၏ အငယ်ဆုံးသား ဟွန်မာနီက အရပ်သား ဝန်ဆောင်မှု ဝန်ကြီး ဖြစ်လာမည် ဖြစ်ပြီး လက်ရှိ၌ အမျိုးသား ရဲတပ်ဖွဲ့ အကြီးအကဲဖြစ်သည့် တူဖြစ်သူက လက်ထောက်ဝန်ကြီးချုပ် ဖြစ်လာမည် ဖြစ်သည်။

လက်ရှိ ပြည်ထဲရေးနှင့် ကာကွယ်ရေးဝန်ကြီးများ၏ သားဖြစ်သူများက ၎င်းတို့ ဖခင်များ၏ ရာထူးများကို ဆက်လက်ဆက်ခံမည်ဖြစ်ကြောင်း အေအက်ဖ်ပီက မြင်တွေ့ခဲ့ရသည်ဟု အစိုးရသစ်အဖွဲ့ မူကြမ်းစာရင်းအရ သိရသည်။

ဟွန်ဆန်သည် ၁၉၈၅ ခုနှစ်၌ အာဏာရချိန်မှစကာ ပြည်တွင်းစစ်နှင့် လူမျိုးတုံးသတ်ဖြတ်မှုများကြောင့် ပျက်စီးနေသော နိုင်ငံကို ခေတ်မီအောင် ဖော်ဆောင်ခဲ့သော်လည်း ၎င်း၏ အုပ်ချုပ်ရေးသည် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းများ၊ အမြစ်တွယ်နေသော လာဘ်ပေးလာဘ်ယူမှုများနှင့် နိုင်ငံရေးပြိုင်ဖက် အားလုံးနီးပါးကို ဖယ်ရှားခြင်းများ ရှိနေသည်ဟု ဝေဖန်သူများက ပြောသည်။

အမေရိကန်၊ ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂတို့က ပြီးခဲ့သည့်လ ရွေးကောက်ပွဲကို လွတ်လပ်မှုနှင့် တရားမျှတမှု မရှိဟု ရှုတ်ချကြသည်။

(မိုးသဲ ဘာသာပြန်သည်။)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly