ကုလတွင် ဦးကျော်မိုးထွန်း မြန်မာကိုယ်စားပြုရေးအလွန်အရေးပါဟု NUG ပြော

By မောင်ခက်နွေ (မဇ္ဈိမ) 
19 September 2023
ကုလတွင် ဦးကျော်မိုးထွန်း မြန်မာကိုယ်စားပြုရေးအလွန်အရေးပါဟု NUG ပြော
နယူးယောက်မြို့က ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို တွေ့ရစဉ် (ပုံ - AFP)

ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း မြန်မာနိုင်ငံကိုယ်စားပြုရေးသည် ပြည်သူလူထုနှင့်တော်လှန်ရေးအတွက် အလွန်အရေးပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောသည်။ 

“ကုလသမဂ္ဂဟာအဖွဲ့ဟာ မြန်မာပြည်သူလူထုရဲ့ အသံကို လေးလေးစားစားနားထောင်ကာ ဆုံးဖြတ်ချက်အမှန်ချပြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြုဖို့အတွက် မျှော်လင့်ပါတယ်”ဟု ဦးကျော်ဇော်က မဇ္ဈိမနှင့် စက်တင်ဘာလ ၁၈ရက်က အင်တာဗျူးတွင် ပြောသည်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် စက်တင်ဘာလ ၁၈ ရက်မှ ၂၆ ရက်နေ့ထိ ကျင်းပနေသည့်   (၇၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၌ မြန်မာနိုင်ငံကိုယ်စားပြုသံအမတ်အဖြစ် ဦးကျော်မိုးထွန်းအား ခန့်အပ်ခြင်း ပြု၊မပြု ဆုံးဖြတ်ရန်ရှိနေသည်။ ဦးကျော်မိုးထွန်းသည်  နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ်အဖြစ် တာဝန်ထမ်းဆောင်နေပြီး ယင်းအပေါ် စစ်ကောင်စီက ကန့်ကွက်ထားသည်။

ဦးကျော်မိုးထွန်းအား  ဆက်လက်အတည်ပြုပေးရန်  နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်ရှေ့တွင် မြန်မာနိုင်ငံသားများက စက်တင်ဘာလ ၁၆ရက်က ဆန္ဒပြတောင်းဆိုခဲ့ကြသလို  ဗြိတိန်နှင့်နယ်သာလန်နိုင်ငံမှ မြန်မာနိုင်ငံသားများကလည်း ဆန္ဒထုတ်‌ဖော်‌ တောင်းဆိုခဲ့ကြသည်။ ထို့အပြင် ပြည်တွင်းမှ  တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများကလည်း ကုလသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းအား ဆက်လက်တာဝန်ပေးရန် တောင်းဆိုနေကြသည်။ ယင်းကဲ့သို့ တောင်းဆိုမှုများအတွက် လူထုအား  ကျေးဇူးတင်ကြောင်း ဦးကျော်ဇော်ကပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ကုလသမဂ္ဂအထွေထွေညီလာခံကော်မတီတွင် ဦးကျော်မိုးထွန်းအား မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအဖြစ်ဆက်ထားသော်လည်း   နိုင်ငံကိုယ်စားပြုမှုကိုဆိုင်းငံ့ထားသည်။ စစ်ကောင်စီကလည်း စစ်သံမှူးဗိုလ်မှူးကြီး အောင်သူရိန်ကို ကုလသမဂ္ဂတွင် မြန်မာကိုယ်စားလှယ်အဖြစ်ခန့်အပ်နိုင်ရေး အဆိုတင်သွင်းထားသည်။ 

“နိုင်ငံတကာမှာ စကစက ဘယ်နိုင်ငံတကာအဖွဲ့ အစည်းမှာမှ ကိုယ်စားပြု ရပ်တည်လို့မရဘူး။ တရားဝင်မှုမရှိဘူး"ဟု  ဦးကျော်ဇော်က ဆက် ပြောသည်။ 

စစ်ကောင်စီသည် အကြမ်းဖက်လုပ်ရပ်များ ပိုမိုလုပ်ဆောင်လာပြီး အာဆီယံမူ ငါးချက်ကိုလည်း အကောင်အထည်မဖော်နိုင်သည့်အတွက်  ကုလအနေဖြင့် ဦးကျော်မိုးထွန်းကိုသာ  အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ထားနိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မှတ်ချက်ပြုသည်။

အသက် ၅၄ နှစ်အရွယ် ဦးကျော်မိုးထွန်းသည်နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ၂၀၂၀ ခုနှစ်၊ စက်တဂ်ဘာလ ၅ရက်မှ စတင်၍ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် စစ်တပ်၏ အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ပြီး CDM ပြုလုပ်ခဲ့သည်။  

ပြည်သူလူထုအပေါ် အကြမ်းဖက်တိုက်ခိုက်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံပြုလုပ်နေသော စစ်ကောင်စီကို အရေးယူပေးရန်လိုအပ်နေကြောင်း ဉီးကျော်မိုးထွန်းက ကုလနှင့် နိုင်ငံတကာသို့ မကြာခဏ တ်ိုက်တွန်းတောင်းဆိုနေသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly