KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်

By အဂမ် (မဇ္ဈိမ)
31 October 2023
KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်

KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို စစ်ကောင်စီတပ်က ယနေ့ အောက်တိုဘာလ ၃၁ ရက် ညနေ ၃ နာရီခန့်က စ၍  လေကြောင်းမှ တိုက်ခိုက်နေကြောင်း  လိုင်ဇာမြို့ခံများထံက သိရသည်။ 

ယနေ့  မြစ်ကြီးနား- ဗန်းမော်လမ်းမကြီးပေါ်ရှိ   စစ်ကောင်စီ၏ ကန်တော်ယန် ( Gang Dau yang) အထိုင်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ထိုသို့ တိုက်ခိုက်နေခြင်းဖြစ်သည်။  
" ခုနက လေယာဥ်ဗုံးက လိုင်ဇာမြို့အစပ်နားက အာလော့န်ဘွမ် ( Alen bum) တောင်ကုန်းဘက်ကို ကျတာ ဟုတ်တယ်" ဟု လိုင်ဇာဒေသခံ တဦးက ဆိုသည်။ 

စစ်ကောင်စီ လေယာဥ်ဖြင့် ဗုံးလာချကြောင်း   ဒေသခံ အမျိုးသမီးတဦးကလည်း အတည်ပြုသည်။ 
ထို့ပြင်  စစ်ကောင်စီတပ်ထောက်ခံသည့် တယ်လီဂရမ် ချန်နယ်များတွင်လည်း  လိုင်ဇာမြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်နေသည့် ဓာတ်ပုံ၊ ဗီဒီယိုများဖြင့် မျှဝေနေကြသည်။ 

လက်ရှိ သတင်းရေးသားနေသည့် ညနေ ၄ နာရီအထိ  လိုင်ဇာမြို့အနီး မုန်လိုင်ခက်ကျေးရွာ ဝန်းကျင်ကို ခရာဘွမ် စစ်ကောင်စီ ဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်နေဆဲဖြစ်သည်။ 

ထိခိုက်သေဆုံးမှုအခြေအနေများကို  မဇ္ဈိမ၏ မြေပြင်သတင်းအဖွဲ့က ဆက်လက်စုံစမ်းနေဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

ဗီဒီယို အပြည့်အစုံ ကြည့်ရှု့ရန် >>> https://youtube.com/shorts/GjMN4zvnNiU
 

ဗီဒီယိုအညွှန်း- လိုင်ဇာမြို့ကို ဗုံးကြဲနေကြောင်း စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် မျှဝေနေသည့် ဗီဒီယိုဖိုင် ( ထိုနေရာမှာ လိုင်ဇာမြို့ အစွန်အဖျားရှိ တောင်ယာစိုက်ခင်းနေရာများဖြစ်ကြောင်း မဇ္ဈိမ၏ မြေပြင်အဖွဲ့က အတည်ပြုသည်) (ဗီဒီယို- လူမှုကွန်ရက်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly