ထိုင်းနိုင်ငံ ကားပစ္စည်းစက်ရုံရှိ မြန်မာအလုပ်သမားများ လုပ်ခမရ၍ တိုင်ကြားရာမှ အလုပ်ထုတ်

By ကိုရွှေမြိတ်(မဇ္ဈိမ)
31 October 2023
ထိုင်းနိုင်ငံ ကားပစ္စည်းစက်ရုံရှိ မြန်မာအလုပ်သမားများ လုပ်ခမရ၍ တိုင်ကြားရာမှ အလုပ်ထုတ်
ပုံအညွှန်း - ထိုင်းတရားရုံးတွင် သွားရောက် တိုင်တန်ထားသည့်ပုံ

ထိုင်းနိုင်ငံ၊ ချွန်ပူရီမြို့တွင် ကား ဆက်စပ်ပစ္စည်းနှင့် သံထည်များ ထုတ်လုပ်သည့် CNA Inter Coating ကုမ္ပဏီတွင် ရွှေ့ပြောင်း မြန်မာ အလုပ်သမား ၁၅ ဦးကို လုပ်ခလစာများ မပေးသဖြင့် တရားရုံးတွင် သြဂုတ်လ ၁၈ ရက်နေက သွားရောက် တိုင်တန်းရာမှ ထိုနေ့မှာပင် အလုပ်ထုတ်ခံလိုက်ရသည်ဟု အလုပ်သမားများနှင့် WAG အဖွဲ့တို့ထံမှ သိရှိရသည်။

အဆိုပါ CNA Inter Coating ကုမ္ပဏီတွင် ကားနှင့် ဆိုင်ကယ်များ၏ အသေးစားဆက်စပ်ပစ္စည်းများ ထုတ်လုပ်ပြီး၊ ကနဦးတွင် ယင်းစက်ရုံသို့ အလုပ်စဝင်သည့် အချိန်၌ အလုပ်သမားများကို ပုံမှန်လုပ်အားခ ထုတ်ပေးသော်လည်း နောက်ပိုင်းတွင် အကြောင်း အမျိုးမျိုးပြပြီး အလုပ်ရှင်ဖြစ်သူက စားစရိတ်သာ ဘတ် ၁,၀၀၀၊ ၅၀၀နှင့် ၂၀၀ တို့ကိုသာ ထုတ်ပေးပြီး လုပ်ခလစာများကို ထုတ်မပေးတော့ဟု အလုပ်သမားများက ပြောသည်။

“အခု လုပ်ခလစာ မရတာ လေးလလောက်ရှိနေပြီး တောင်းတော့လည်း မပေးဘူးရှင့်၊ ဒီအတွက်ကြောင့် ကျွန်မတို့က WAG အဖွဲ့ကို လှမ်းအကူညီတောင်းပြီး  ထိုင်း တရားရုံးကို တိုင်တန်း ထားတယ်”ဟု လုပ်ခလစာ မရသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမား မစန်းစန်းနွယ်က ပြောသည်။

၎င်းစက်ရုံတွင် ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂၀ ဦးခန့် အလုပ် လုပ်နေခြင်းဖြစ်ပြီး လက်ရှိတွင် လုပ်ခလစာနှင့် ပတ်သက်၍ အလုပ်ရှင်ဖြစ်သူက လစာပေးရမည့်အချိန်တွင် မပေးဘဲ အလုပ်ထုတ်ပစ်ခြင်းနှင့် ငွေကြေး အနည်းငယ်သာ ပေးခြင်းမျိုး ပြုလုပ်လာကာ အလုပ်သမားအားလုံးနီးပါး အဆိုပါ စက်ရုံမှ အလုပ်ထွက်ကြကြောင်း အလုပ်သမားများထံမှ သိရသည်။

 

ပုံအညွှန်း - စက်ရုံအတွင်း အလုပ် လုပ်နေသည့်ပုံ

“လောလောဆယ်မှာတော့ ကျွန်မတို့ အဲ့ဒီစက်ရုံက ထွက်လာတဲ့ အလုပ်သမားတွေ အားလုံး အခက်ခဲဖြစ်နေပါတယ်၊ အချို့ကလည်း အလုပ်ရတာ ရှိကြပေမယ့် အချို့မရသေးတော့ စားဝတ်နေရေး အဆင်မပြေမှုတွေ ဖြစ်နေတယ်”ဟု မစန်းစန်းနွယ်က ထပ်ပြောသည်။

လက်ရှိ လေးလနီးပါး လုပ်ခလစာ မရ၍ ထိုင်းတရားရုံးတွင် ဖြေရှင်းပေးဖို့ သွားရောက်တိုင်တန်းခဲ့သည့် မြန်မာအလုပ်သမားများရရှိမည့် လုပ်အားခများမှာ တဦးလျင် ထိုင်းဘတ်ငွေ ၂၀,၀၀၀ ကျော် ဖြစ်ကြောင်း အလုပ်သမားများထံမှ သိရ သည်။

“ဒီအမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အဖွဲ့ကို လာရောက်အကူညီတောင်းထားလို့ အလုပ်ရှင်ဖြစ်သူကို ထိုင်းတရားရုံးကနေ ဆင့်ခေါ်ခဲ့ပေမယ့် အခုချိန်အထိ လာရောက်ဖြေရှင်းပေးတာမျိုး မရှိသေးလို့ ကျွန်တော်တို့ ထိုင်း အလုပ်သမား ဥပဒေအရ အချိန် နှစ်လ ထပ်စောင့်ခိုင်းထားတယ်၊ တကယ်လို့ ဒီ နှစ်လထဲမှာ လာရောက် ဖြေရှင်းပေးတာမျိုး မရှိရင်တော့ အမှုဖွင့်သွားဖို့ ရှိတယ်”ဟု ထိုင်းနိုင်ငံ အခြေစိုက် WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး အဖွဲ့ တာဝန်ရှိသူ ကိုမုန်တိုင်းက မဇ္ဈိမကို ပြောဆိုထားသည်။

အလုပ်ထုတ်ခံရသူများထဲတွင် အမျိုးသမီး လေးဦးနှင့် MoU ဖြင့် လာရောက်သူ တဦးလည်း ပါဝင်ကြောင်း၊ ထို ၁၅ ဦးထဲ၌ တရားဝင်အထောက်အထားနှင့် နေထိုင်သူ လေးဦးဖြစ်ပြီး ကျန်သည့် ၁၁ ဦးက  ထိုင်းအစိုးရက ထုတ်ပေးသည့် အလုပ် လုပ်ခွင့်ပါမစ်ရဖို့ နာမည်စာရင်း (Name list) တင်ထားသူများဟုလည်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required