ပဲခူးမြို့ ရေကြီးမှုတွင် ရေနစ်သေဆုံးသူရှိ 

By ရောင်နီ (မဇ္စျိမ)
10 October 2023
ပဲခူးမြို့ ရေကြီးမှုတွင် ရေနစ်သေဆုံးသူရှိ 
ပုံအညွှန်း - ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် မြင်တွေ့ရသည့် ပဲခူးမြို့ ရေကြီးမှု အခြေအနေ။   (ဓာတ်ပုံ - ကိုထင်ကျော် ပဲခူး MFSD ရှာကယ်အဖွဲ့၊ ဝန်းရံမှူး လူမှုကူညီကယ်ဆယ်ရေးအသင်း၊ လူမှုကွန်ရက် )

ပဲခူးတိုင်း၊ ပဲခူးမြို့တွင် ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းအထိ ရေကြီးမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး အသက် ၅၀ အရွယ်ခန့် အမျိုးသားတဦး ရေနစ်သေဆုံးခဲ့ကြောင်း  ဝန်းရံမှူးလူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက ပြောသည်။ 

ယနေ့ နံနက်ပိုင်းက ပဲခူးမြို့ ဆိုရှယ်လစ်ရပ်ကွက်အတွင်း ရေနစ်သေဆုံးနေသည့် ထိုအမျိုးသား၏ ရုပ်အလောင်းကို ရှာဖွေ့တွေ့ရှိခဲ့ပြီး ပဲခူးဆေးရုံကို ပို့ဆောင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။ 

“ မနက်က ဆိုရှယ်လစ် ၂၄ လမ်းက ကားနောက်မှာ  သောင်တင်နေတဲ့ အလောင်းကိုတွေ့တယ်။ ရေနစ်လို့ပဲဆုံးတာပါ။ ကျွန်တော်တို့အဖွဲ့တွေ့တာတော့  ပထမဆုံးအလောင်းပါ။ အရင်ကလည်း သေဆုံးတယ်ဆိုပြီး ကြားတာတွေရှိပါတယ်။ အခု အဲ့ဒီ့အလောင်းတောင် လမ်းမှာ ရေကြီးနေလို့ ဆေးရုံမရောက်သေးပါဘူး” ဟု  လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက ပြောသည်။  

ထို့အပြင် ပဲခူးမြို့ အလင်းရောင်ရပ်ကွက်တွင် အစားအသောက်ပြတ်လပ်ကာ  ကလေးသူငယ်များနှင့် လူကြီးများတွင် ဖျားနာနေကြကြောင်း ဒေသခံတဦးကပြောသည်။ 

“ ရေနည်းနည်းကျတယ်ဆိုပေမယ့် ရေရှင်ဆိုတော့ ရေအတက်အကျက မမှန်သေးဘူး။ အခုလက်ရှိဆို မှော်ကန်ဘက်မှာ လူတရပ်ကျော် မြုပ်နေတုန်းပါပဲ။ ” ဟု ကူညီကယ်ဆယ်မှု ဆောင်ရွက်နေသည့် ဝန်းရံမှူးလူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ယင်းသို့ ရေကြီးမှုဖြစ်စဥ်များကြောင့်  ပဲခူးမြို့တွင် ဆက်သွယ်ရေးနှင့် လျှပ်စစ်မီးများလည်း ပြတ်တောက်နေပြီး စားသောက်ကုန်များလည်း စျေးနှုန်းမြင့်တက်လာမှုများ ရှိနေကြောင်း ဒေသခံများက ပြောကြားသည်။ 

“ပစ္စည်းတွေပြတ်ကုန်တယ်။ အသီးအရွက်တွေကတော့ ရှားနေတယ်။ ငါးတွေကတော့ ချောင်းကရေတက်လို့ ဖမ်းလို့ရတာတွေ ရောင်းကြတာရှိတယ်။ ပဲခူးစျေးကြီးရဲ့ အောက်ထပ်တစ်ခုလုံးက ရေမြုပ်သွားတော့ ခေါက်ဆွဲခြောက်လို အခြောက်အခြမ်းတွေက အကုန်ပြတ်ကုန်တာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။ 

စစ်ကောင်စီမိုးဇလဌာန၏ ယနေ့ နံနက် ၆း၃၀ အချိန် ထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေသည် ယမန်နေ့ကထက် သုး စင်တီမီတာ ကျဆင်းခဲ့သော်လည်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။ 
ပဲခူးမြို့တွင် အောက်တိုဘာလ ၈ ရက်နေ့က နှစ်ပေါင်း ၅၉ နှစ်အတွင်း မိုးရေချိန်အများဆုံးဖြင့် စံချိန်တင် မိုးရွာသွန်းခဲ့ပြီးနောက် ရေကြီးရေလျှံဖြစ်ပွားခြင်းသည် ယနေ့တွင် သုံးရက်မြောက် ရှိလာပြီ ဖြစ်သည်။  

ပဲခူးမြို့ ဧရိယာ၏ ၈၀ ရာခိုင်နှုန်းကျော်သည် ယနေ့ နံနက်ပိုင်းအချိန်အထိ  ရေလွှမ်းမိုးနေဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောကြားထားသည်။ လက်ရှိတွင် ပိတ်မိနေသူများကို  ကယ်ဆယ်ရေးအဖွဲ့များက  သွားရောက်ကယ်ထုတ်ခြင်း၊ စားသောက်စရာများဝေဌခြင်းများ ပြုလုပ်ပေးနေဆဲဖြစ်ကြောင်း လူမှုကယ်ဆယ်ရေးအသင်း အဖွဲ့ဝင် တဦးက ပြောသည်။ 

အောက်တိုဘာလ ၈ ရက်နေ့ညပိုင်းမှ စတင်ကာ ရုတ်တရက်ရေကြီးမှုကြောင့်  ပဲခူးမြို့ပေါ်၌  ကယ်ဆယ်ရေးစခန်း ၂၉ ခုဖွင့်လှစ်ထားခဲ့ရပြီး ဒေသခံ သောင်းနှင့်ချီကာ ရေဘေး ဒုက္ခသည်စခန်းများတွင် သွားရောက်ခိုလှုံနေကြရသည်။ 

ယမန်နေ့က ရေကြီးမှုကြောင့် ဖြတ်သန်းသွားလာမှု ရပ်ဆိုင်းခဲ့သည့် ပဲခူး - မော်လမြိုင်လမ်းမှ ပဲခူးမြို့အနီး ၃၉ မိုင်တိုးဂိတ်တွင်လည်း ယနေ့တွင် ရေအနည်းငယ်ပြန်လည်ကျဆင်းသည့်အတွက် ကားကြီးများ ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်ကြောင်း ဘောနက်ကြီး ဒေသခံတဦးက ပြောကြားထားသည်။ 

ပဲခူးမြို့တွင် လက်ရှိ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေခြင်းမှာ ပဲခူးမြစ်ရေစိုးရိမ်ရေမှတ်အထက် မြင့်တက်နေခြင်းနှင့် တချိန်တည်းတွင် နေရာကွက်မိုးရွာသွန်းမှုကြောင့် ဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required