ရိုဟင်ဂျာဒုက္ခသည်များအတွက် လူသားချင်းစာနာမှု အကူအညီ ထပ်မံထောက်ပံ့မည်ဟု ဗြိတိန် ကြေညာ

By ရိုက်တာ/ အေအက်ဖ်ပီ
18 October 2023
ရိုဟင်ဂျာဒုက္ခသည်များအတွက် လူသားချင်းစာနာမှု အကူအညီ ထပ်မံထောက်ပံ့မည်ဟု ဗြိတိန် ကြေညာ
၂၀၂၃ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် Ukhia ၌ လူမျိုးတုံးသတ်ဖြတ်မှု ၆ နှစ်မြောက်နေ့ အထိမ်းအမှတ် လူထုစည်းဝေးပွဲအတွက် ရိုဟင်ဂျာဒုက္ခသည်များ စုရုံး — AFP Photo

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် လူသားချင်းစာနာမှု အထောက်အပံ့အဖြစ် နောက်ထပ် စတာလင်ပေါင် ၄ ဒသမ ၅ သန်း (ဒေါ်လာ ၅ ဒသမ ၅ သန်း) ထောက်ပံ့မည် ဖြစ်ကြောင်း ဗြိတိန်က အောက်တိုဘာ ၁၇ ရက်တွင် ကြေညာသည်။

“ရိုဟင်ဂျာ အကျပ်အတည်းအတွက် ရေရှည် ဖြေရှင်းနည်းလမ်းတခု ရှာတွေ့ဖို့ ဗြိတိန်အနေနဲ့ စူးစိုက်နှစ်မြှုပ်ထားတယ်။ အဲဒီထဲမှာ အခြေအနေတွေ ပေးတာနဲ့ သူတို့ မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံစွာ၊ မိမိသဘောဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်မှုလည်း ပါ ပါတယ်” ဟု ဗြိတိန်၏ အင်ဒို-ပစိဖိတ်ဆိုင်ရာ ဝန်ကြီး အန်နီ-မေရီ ထရီဗယ်လ်ယန်က ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။

“ရိုဟင်ဂျာတွေ သူတို့ရဲ့ ဇာတိဒေသကို ဘေးကင်းစွာ ပြန်မသွားနိုင်မချင်း သူတို့ကို လူသားချင်းစာနာမှု အထောက်အပံ့တွေ ဆက်လက် ထောက်ပံ့မယ်လို့ မိမိတို့ ကတိပြုထားတယ်” ဟု ၎င်းက ပြောသည်။

ရိုဟင်ဂျာ ဒုက္ခသည်များအတွက် လူသားချင်းစာနာမှု အကူအညီ တစတစနှင့် လျော့ပါးနေခြင်းက ကမ္ဘာ့အကြီးဆုံးသော စာနာမှု အကျပ်အတည်းတခုကို ပိုမိုဆိုးဝါးစေရန် ခြိမ်းခြောက်နေသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးကလည်း အောက်တိုဘာ ၁၇ ရက်တွင် ပြောသည်။

၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုတရပ်ကြောင့် ထွက်ပြေးခဲ့ကြရသူ အများစု အပါအဝင် နိုင်ငံမဲ့ ရိုဟင်ဂျာ လူနည်းစု၏ အစုအဖွဲ့ဝင် တသန်းခန့်သည် ဘင်္ဂလားဒေ့ရှ်တွင် ရောက်ရှိနေထိုင်လျက် ရှိသည်။

မူလနေရပ်ပြန်မှု သဘောတူညီချက်တခုနှင့်ပတ်သက်ပြီး တိုးတက်မှု ကင်းမဲ့နေခြင်း၊ ဒုက္ခသည် အခြေချစခန်းများ၌ ဥပဒေ မလိုက်နာမှုများ ထူပြောခြင်းနှင့် နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီ ဖြတ်တောက်လျှော့ချခြင်းတို့နှင့်ပတ်သက်ပြီး အားမလို အားမရဖြစ်မှုတို့ ပျံ့နှံ့ဖြစ်ပေါ်နေသည်။

အီသီယိုးပီးယား၊ ဆူဒန်၊ အာဖဂန်နစ္စတန်၊ ယူကရိန်းနှင့် အစ္စရေးတို့၏ အကျပ်အတည်းများအကြား လူသားချင်းစာနာမှု အကူအညီက ကျဆင်းလာနေသည်ဟု ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီက ဒေသတွင်း အစည်းအဝေးတခု၏ ပြင်ပတွင် သတင်းထောက်များကို ပြောသည်။

“ဒါက မေ့လျော့မထားသင့်တဲ့ အကျပ်အတည်းတခုဖြစ်တယ်။ ထည့်ဝင် ထောက်ပံ့မှုတွေ လျော့ကျတယ်ဆိုရင် ကျွန်တော်တို့ ဒုက္ခကြုံရပါမယ်”

ရိုဟင်ဂျာ အကျပ်အတည်းသည် ယခုနှစ်တွင် လိုအပ်သည့် ငွေကြေးထောက်ပံ့မှု ဒေါ်လာ ၈၇၅ ဒသမ ၉ သန်း၏ ၄၂ ရာခိုင်နှုန်းကိုသာ ရရှိထားသေးကြောင်း ၎င်းက ပြောသည်။

ဘတ်ဂျက် လျှော့ချဖြတ်တောက်မှုများကြောင့် ကုလ၏ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် အနေဖြင့် ယခုနှစ်တွင် ရိုဟင်ဂျာစခန်းများသို့ စာနာမှုအကူအညီကို သိသိသာသာ လျှော့ချခဲ့ရသည် ဖြစ်ရာ လက်ရှိတွင် ရိက္ခာခွဲတမ်းများက တလလျှင် ဒုက္ခသည်တဦးလျင် ရှစ်ဒေါ်လာနှုန်းသို့ ရောက်ရှိနေသည်။

ပြန့်ကျဲရှိနေသော ဒုက္ခသည်စခန်းများတွင် အာဟာရ ချို့တဲ့ခြင်းက ပျံ့နှံ့ဖြစ်ပေါ်နေကြောင်း လူ့အခွင့်အရေး အဖွဲ့များက ပြောသည်။

ရိုဟင်ဂျာ အများအပြားက မြန်မာသို့ ပြန်သွားရန် စိုးရိမ်ကြောက်လန့်နေဆဲဖြစ်သည်ဟု ဂရန်ဒီက ပြောသော်လည်း မြန်မာသို့ နေရပ်ပြန်ရေးက “ပလန် ‘အေ’ ” ဖြစ်နေဆဲဟု ၎င်းက ပြောသည်။

မြန်မာစစ်ကောင်စီနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် ရိုဟင်ဂျာများ နေရပ်ပြန်ခေါ်ရေး စတင်ရန် ရှေ့ပြေး အစီအစဉ်တရပ်နှင့် ပတ်သက်ပြီး လုပ်ဆောင်လျက် ရှိသည်။ သို့သော် ရိုဟင်ဂျာများ နေရပ်ပြန်ရန် အခြေအနေများက ဘေးကင်းလုံခြုံမှု မရှိဟု လူ့အခွင့်အရေးအဖွဲ့များက ပြောဆိုထားကြသည်။

မြန်မာတွင် ရိုဟင်ဂျာများသည် နိုင်ငံသားအဖြစ်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ရယူခွင့် ငြင်းဆန်ပိတ်ပင်ခံထားရသလို ၎င်းတို့မြို့နယ်များမှ ပြင်ပသို့ ခရီးသွားလာရန် ခွင့်ပြုချက်တောင်းခံရန် လိုအပ်သည်။

၂၀၁၇ ဖြိုခွင်းနှိမ်နင်းမှုအတွင်း စစ်တပ်အကြီးအကဲ ဖြစ်ခဲ့သည့် လက်ရှိစစ်ကောင်စီအကြီးအကဲ  မင်းအောင်လှိုင်သည် ရိုဟင်ဂျာ အထောက်အထားလက္ခဏာကို “စိတ်ကူးသက်သက်” အဖြစ် ပယ်ချထားသည်။

“ပလန် ‘ဘီ’ ကတော့ ပိုနေမြဲ ကျားနေမြဲပေါ့။ ဒီလူတွေ သူတို့ကို လက်ခံပေးထားတဲ့နိုင်ငံတွေမှာ ဆက်ရှိနေရမှာပေါ့။ ဒါပေမယ့် ဒါက ရေရှည်မှာ ထိန်းထားနိုင်မှာ မဟုတ်ဘူး” ဟု ဂရန်ဒီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required