ရိုဟင်ဂျာများ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအား ဆက်လက်ထောက်ပံ့မည်ဟု ကုလသမဂ္ဂ ကတိပြု 

ရိုဟင်ဂျာများ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအား ဆက်လက်ထောက်ပံ့မည်ဟု ကုလသမဂ္ဂ ကတိပြု 
Photo-AFP

ရိုဟင်ဂျာ ဒုက္ခသည်များ ဆန္ဒအလျောက် ဘေးကင်းစွာဖြင့် ဂုဏ်သိက္ခာရှိရှိ ရေရှည်မြဲသော နေရပ်ပြန်နိုင်ရေးအတွက် အခြေအနေများ ဖန်တီးနိုင်ရေး ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂက သောကြာနေ့တွင် ပြောသည်။ 

“ရိုဟင်ဂျာပြည်သူတွေဟာ ပြည်တွင်းနဲ့ ပြည်ပမှာ နေရပ်ရွှေ့ပြောင်းနေရဆဲ ဖြစ်တယ်၊ ဘင်္ဂလားဒေ့ရှ်မှာဆိုရင် တစ်သန်းလောက် ရှိနေတယ်”ဟု အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရသူ ဖလိုရန်စီယာ ဆိုတို နီနိုက မြန်မာနိုင်ငံမှ ရိုဟင်ဂျာများ အစုလိုက် ထွက်ခွာမှု ခြောက်နှစ်မြောက်အဖြစ် ထုတ်ပြန်ချက်၌ ပြောထားသည်။ 

“ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံက ပြည်သူတွေဟာ ဖြစ်ပွားဆဲ ပဋိပက္ခတွေနဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းရဲ့ ဖျက်ဆီးမှုတွေ နှစ်မျိုးစုံပြီး ရင်ဆိုင်နေရတယ်၊ ကုလသမဂ္ဂအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံက နေရပ်ရင်းဆီ ဆန္ဒအလျောက် ဘေးကင်းကင်းနဲ့ ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်ရေး အခင်းအကျင်းတွေ ဖန်တီးပေါ်ပေါက်စေမယ့် ကြိုးစားအားထုတ်မှုတွေကို ဆက်လက်ထောက်ပံ့သွားမှာ ဖြစ်တယ်”ဟု ထုတ်ပြန်ချက်၌ ဆိုထားသည်။ 

“ကျယ်ပြန့်ပြီး အများပါဝင်တဲ့ တာရှည်ခံတဲ့ ဖြေရှင်းနည်း ရှာတွေမို့ နှစ်ဆကြိုးစားအားထုတ်ဖို့အတွက် အဓိကပါဝင်သူ အားလုံးကို အတွင်းရေးမှူးချုပ်က တိုက်တွန်းထားတယ်၊ ဒါမှပဲ မြန်မာနိုင်ငံက စနစ်တကျ ခွဲခြားဆက်ဆံမှုတွေနဲ့ အကြမ်းဖက်မှုတွေကို သင့်တော်သလို ဖြေရှင်းနိုင်မှာ ဖြစ်တယ်”ဟု ထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြထားသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လူသားချင်း စာနာထောက်ထားပြီး ငဲ့ညှာခြင်းများကို ပြသထားကြောင်း မှတ်ချက်ပြုရင်း ကျယ်ပြန့်သော လူသားချင်း စာနာထောက်ထားရေး အကျပ်အတည်းအား ကာကွယ်ရန်နှင့် ပူးပေါင်းတုံ့ပြန်ရေး အစီအစဉ်ကို ထောက်ပံ့သွားရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။ 

“အကျပ်အတည်းကို ဖြေရှင်းဖို့နဲ့ ဒုက္ခရောက်ရသူတွေအတွက် တာဝန်ခံမှုနဲ့ တရားမျှတမှု ဆောင်ကြဉ်းနိုင်ဖို့ ပြီးတော့ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံတဝန်းမှာ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ဖြစ်ထွန်းဖို့ ဒေသတွင်း သက်ဆိုင်ရာတွေ အပါအဝင် အဓိကပတ်သက်သူအားလုံးနဲ့ ကုလသမဂ္ဂက လက်တွဲလုပ်ဆောင်သွားမှာ ဖြစ်တယ်”ဟုလည်း ဖော်ပြသည်။ 

လူမျိုးတုံး သတ်ဖြတ်ခံရသည်ဟု လူ့အခွင့်အရေးအုပ်စုများက ဆိုထားသော ရိုဟင်ဂျာများသည် ကမ္ဘာတွင် အဖိနှိပ်ခံရဆုံးသူများ ဖြစ်ကြသည်ဟု ကုလသမဂ္ဂက ပြောထားသည်။ 

၂၀၁၇ ဩဂုတ်လအတွင်း မြန်မာနိုင်ငံ၌ စစ်တပ်၏ လူနည်းစုမွတ်စလင် အသိုင်းအဝိုင်းကို ဖြိုခွင်းခြင်းများကြောင့် အမျိုးသမီးနှင့် ကလေးအများစုအပါအဝင် ရိုဟင်ဂျာဒုက္ခသည် ၇၅၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးကြရာ လက်ရှိဝွင် ဘင်္ဂလားဒေ့ရှ်၌ ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းခန့် ရှိနေသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly