ဒီပဲယင်းမြို့နယ်အတွင်းမှ စစ်ဘေးရှောင်များအတွက် ဆန်နှင့်ရိက္ခာများလိုအပ်

By KMN(မဇ္ဈိမ)
08 October 2023
ဒီပဲယင်းမြို့နယ်အတွင်းမှ စစ်ဘေးရှောင်များအတွက် ဆန်နှင့်ရိက္ခာများလိုအပ်
ပုံအညွှန်း-  အောက်တိုဘာ ၁ ရက်နေ့က တွေ့ရသည့် ဒီပဲယင်းမြို့နယ်အနောက်ခြမ်းမှ စစ်ဘေးရှောင်များ (ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုကြောင့် စစ်ဘေးရှောင် နေရသူများအတွက် ဆန်နှင့်ရိက္ခာ လိုအပ်ချက်ရှိနေကြောင်း မြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ တာဝန် ရှိသူက ပြောကြားသည်။

ဒီပဲယင်းမြို့နယ်နှင့် ရေဦးမြို့နယ်အစပ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေမှုကြောင့် အရေးပေါ် တိမ်းရှောင်နေရသူများရှိနေပြီး ၎င်းတို့အတွက် ဆန်နှင့်ရိက္ခာများ လိုအပ်နေခြင်းဖြစ်သည်။

ဒီပဲယင်းအနောက်ခြမ်းမှာရှိတဲ့  စစ်ရှောင်စခန်းကလူတွေတော့ သူတို့နေရာတွေ ပြန်ကြပြီ။  စစ်ကြောင်း က အရှေ့ခြမ်းကိုရောက်တယ်ကြားတယ်။ စစ်ကြောင်းထိုးရင် ပြန်ပြေးလာရတာပေါ့။ စစ်ကြောင်းမရှိရင် သူတို့နေတဲ့ တဲတွေကို ပြန်သွားကြတယ်” ဟု ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဒီပဲယင်းမြို့နယ်တွင် နေရပ်မပြန်နိုင်သည့် ရွှေဘိုနှင့်ဘုတလင်မြို့နယ်မှ စစ်ဘေးရှောင် ၂,ဝဝဝ ကျော် ခန့်ရှိနေသည့်အပြင် စစ်ကြောင်းကြောင့် အရေးပေါ်တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များလည်း ရှိနေ ကြောင်း သိရသည်။

ဒီပဲယင်းမြို့နယ်အတွင်း၌ ၂၄ ပြည်ပါ ဆန်တအိပ်လျှင် ၈၅ဝဝဝ ကျပ် ဝန်းကျင်ပေါက်ဈေးရှိနေပြီး ဝယ်ယူ ရန်ခက်ခဲသည့်အပြင် စစ်ဘေးရှောင်များထံပို့ဆောင်ရန် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကိုပါရင်ဆိုင်နေ ရကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့မှသိရသည်။

ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့အနေဖြင့် အရေးပေါ် စစ်ရှောင်များအတွက် ရိက္ခာပြန်လည်စု ဆောင်းနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ဒီပဲယင်မြို့နယ်အနောက်ခြမ်းမှ စစ်ဘေးရှောင် ၄၀၀ ခန့်အား အောက်တိုဘာလ ၁ ရက်နေ့က ဆန်တပိုင်း၊ ဆီတပုံးနှင့် ဟင်းချက်စရာများ ဝယ်ယူချက်ပြုတ်ရန် ငွေကျပ် ၁၀၀,၀၀၀ ကူညီထောက်ပံ့ခဲ့ကြောင်း သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required